တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မထိုးရသေးသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် အစိုးရတို့ တွေ့ဆုံ ဆွေးနွေးနိုင်ရေး မရေမရာဖြစ်နေကြောင်း သိရှိရသည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အောက်ရှိ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ကြား စာဖြင့်၊ ဖုန်းဖြင့် အဆက်အသွယ်များ ရှိသော်လည်း တွေ့ဆုံဆွေးနွေးရေး အတွက် ချိတ်ဆက်ရာတွင် နားလည်မှု လွဲနေဆဲဖြစ်သည်ဟု ဆိုသည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေက “နှစ်ဘက်ဆွေးနွေးဖို့ ပြီးခဲ့တဲ့ ၂၆ ရက်နေ့က ဒေါက်တာ တင်မျိုးဝင်း က စာပို့ထားတာ ရှိပါတယ်ဗျ။ အဓိကကတော့ DPN က အဆိုပြု ဆွေးနွေးထားတဲ့ တွေ့ဆုံဖို့ ကိစ္စပါပဲ။ အဲဒီ တွေ့ဆုံ ဆွေးနွေးပြီးတော့ လက်မှတ်ရေးထိုးဖို့၊ ညီလာခံတက်ရောက်ဖို့ ကိစ္စတွေပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင် နှင့် DPN တို့တွေ့ဆုံခဲ့ကြပြီး UNFC က အဆိုပြုထားသော အချက် ၈ ချက်နင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြသည်။
နောက်တကြိမ် တွေ့ဆုံပွဲကို ဇန်နဝါရီလကုန်ပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံရန် သဘောထားရှိခဲ့ကြကြောင်း သိရသည်။
ထို့သို့တွေ့ဆုံရန်အတွက် ဆွေးနွေးပွဲအပြီး ၃ ရက်အကြာတွင် အစိုးရဘက်မှ ဒေါက်တာ တင်မျိုးဝင်းက စာပို့ အကြောင်း ကြားခဲ့သော်လည်း ယင်း အကြောင်းကြားစာကို ရှင်းရှင်းလင်းလင်း နားမလည်ကြောင်း UNFC တွဲဖက်အတွင်းရေးမှူး (၁) ဦးထွန်းဇော် က ပြောသည်။
ဦးထွန်းဇော် က “ဒေါက်တာ တင်မျိုးဝင်းစာက တွေ့မယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့ အဆင်သင့်ဖြစ်တယ်လို့ အဲဒီလို ပြောတယ်။ တွေ့မယ် အဆင်သင့်ဖြစ်တယ်ဆိုတာက ကျနော်တို့ မရှင်းဘူးပေါ့လေ”ဟု ဧရာဝတီသို့ ပြောသည်။
UNFC အဖွဲ့ဝင်များနှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်သွားနိုင်ရေး အတွက် လက်ရှိ ကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်းများ၊ အခက်အခဲများနှင့် ပတ်သက်ပြီး NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နှင့် ထိပ်တိုက် တွေ့ဆုံဆွေးနွေးရန် အတွက် DPN အဖွဲ့က ဇန်နဝါရီလ ၁၃ ရက်နေ့ တွေ့ဆုံမှု အပြီးတွင် အဆိုပြုခဲ့ ကြောင်း သိရသည်။
ယင်းသို့ အဆိုပြုမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကလည်း သဘောတူခဲ့ကြောင်း သိရသဖြင့် ဒေါက်တာ တင်မျိုးဝင်း ပို့လာသော စာသည် ငြိမ်းချမ်းရေး ကော်မရှင် နှင့် DPN တို့ကြား တွေ့ဆုံရန်အတွက် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်နှင့် DPN တို့တွေ့ဆုံရန် အတွက် မည်သည့်အတွက် အကြောင်းကြားသည်ကို ဝေခွဲမရကြောင်း UNFC ဘက်က ပြောသည်။
အကယ်၍ အစိုးရနှင့် DPN တို့ကြား တွေ့ဆုံဆွေးနွေးဖြစ်ပါက UNFC ဘက်က အဆိုပြုထားသော အချက် ၈ ချက် အပါ အဝင် NCA လက်မှတ်ထိုးပြီး ယခုလကုန် နေပြည်တော်တွင် ကျင်းပမည်ဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – “၂၁ ရာစု ပင်လုံ” ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်နိုင်ရေးတို့ကို ဆွေးနွေးဖြစ်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် ဒုတိယအကြိမ် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – “၂၁ ရာစု ပင်လုံ”ကို တက်ရောက်ရန် လေ့လာသူ အဖြစ်နှင့်သာ ဖိတ်ကြားမည်ဆိုပါက တက်ရောက်မည်မဟုတ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၂၃ ရက် နေ့ကစပြီး ၃ ရက်ကြာ ပြုလုပ်သည့် UNFC က ဗဟို အလုပ်မှုဆောင် အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ကြသည်။
UNFC အဖွဲ့များထဲတွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။