ပညာရေး ဝန်ကြီးဌာန အနေဖြင့် မသန်စွမ်းသူများ၏ မွေးရာပါ အခွင့်အရေး၊ အရည်အချင်း၊ စွမ်းဆောင်နိုင်မှု အပေါ် အသိ အမှတ်မပြုခြင်းနှင့် ခွဲခြား ဆက်ဆံမှုပြုခြင်း တို့အား ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်က သဘောထား ထုတ်ပြန်လိုက်သည်။
မသန်စွမ်းသူများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများ အပေါ် တရားဝင်သဘောထား ထုတ်ပြန်ခြင်းဆိုင်ရာ သတင်းစာ ရှင်း လင်းပွဲကို တခုကို ၂၀၁၇ ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ Central Hotel တွင် ပြုလုပ်ခဲ့သည်။
“ဒီနေ့ သတင်းစာ ရှင်းပွဲလုပ်ရတာက မသန်စွမ်းသူတွေရဲ့ အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေတာတွေကို ဆက် လက်ပြီးတော့ မဖြစ်ပွားအောင် မသန်စွမ်းသူ နိုင်ငံသားတွေရော၊ သက်ဆိုင်ရာ နိုင်ငံတော်ဦးဆောင်သူ အားလုံးသိအောင် တရားဝင် ထုတ်ဖော်ပြချင်တဲ့ ရည်ရွယ်ချက်ပါ” ဟု အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။
ပညာရေးဝန်ကြီးဌာန၏ ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ သင်တန်း ဝင်ခွင့်ရ သူ များအတွက် ညွှန်ကြားချက် အမှတ်(၃)တွင် သက်ဆိုင်ရာ ကောလိပ်တွင် သတင်းပို့သည့်အခါ လူတွေ့စစ်ဆေး ၍ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူများ၊ ကျား/မ ပီသမှုမရှိသူများ၊ ဆရာတဦးတွင် ရှိသင့်ရှိထိုက်သော ကိုယ်ရည်ကိုယ်သွေး မရှိ သူများကို သင်တန်းမှ ပြန်လည်စေလွှတ်မည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
ထို့အပြင် ဆရာအတတ်သင် ပညာရေးကောလိပ် ပထမနှစ် သင်တန်း တက်ရောက်ကြရမည့် သူများ၏ ကိုယ်ရည် ကိုယ် သွေး သတ်မှတ်ချက်များတွင်လည်း Disable ကျောင်းသား၊ ကျောင်းသူများ၊ ပိုလီယို၊ ခြေပူးလက်ပူး၊ ခြေပွားလက်ပွား၊ မျက်စိစွေစောင်း၊ ကျောက်မျက်လုံးများ သင်တန်းတက်ရောက်ခွင့် ပြုမည် မဟုတ်ဟူ၍ မသန်စွမ်းသူများကို ဆိုးရွားစွာ ခွဲခြား ဆက်ဆံ ထားသည်ဟု အသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆရာ အတတ်သင် တက်ရန် ကြိုးပမ်းခဲ့ဖူးသူ မမို့မို့ကလည်း“၂၀၀၇ ဆယ်တန်းအောင်ပြီးတော့ ဘိုကလေး ဆရာ အတတ် သင် တက်ဖို့ ရေးဖြေ အောင်ပေမယ့် လူတွေ့ကျ ကျမမှာ လက်ပွားလေးတွေ ပါလို့ဆိုပြီး မရခဲ့ဘူး”ဟု ပြောပြသည်။
ပညာရေး ဝန်ကြီးဌာန တခုတည်းသာမက တခြားသော ဝန်ကြီးဌာနများ၏ ထုတ်ပြန်ကြေညာမှုများတွင် မသန်စွမ်းများကို ခွဲ ခြားဆက်ဆံခြင်း မပြုစေရန် အသင်းချုပ် အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန နှင့် ပူးပေါင်းပြီး ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ဖိတ်ကြား၍ မသန်စွမ်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲတခု ပြုလုပ်ရန် စီစဉ် ထားသည်ဟု ဦးအောင်ကိုမြင့်က ပြောသည်။
ပညာရေး ဝန်ကြီးဌာန၏ ယင်းကဲ့သို့သော မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများသည် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်း၊ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေများကို ချိုးဖောက်ရာ ရောက်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် က ထုတ်ပြန် ဖော်ပြသည်။
ပညာရေးဝန်ကြီးဌာနသည် ယင်းသို့သောမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ဆက်လက်ကျင့်သုံး ဆောင်ရွက်မည်ဆိုပါက မသန်စွမ်းသူများ၏ ပညာသင်ယူခွင့် အခွင့်အရေးများ ဆက်လက် ဆုံးရှုံးနေမည်ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်း များလည်း ဆုံးရှုံးနေမည်ဖြစ်ကြောင်း မသန်စွမ်းအရေး ဆောင်ရွက်သူများက ဝေဖန် ထောက်ပြကြသည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ၂.၃ သန်းခန့်ရှိသော မသန်စွမ်းသူများ၏ ကိုယ်စား အသင်းအချုပ်အနေဖြင့် ဝန်ကြီးဌာနများ၏ ချိုးဖောက်မှုများကို ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ခြင်း၊ တုံ့ပြန် ဆောင်ရွက်ခြင်းများကို ပြုလုပ် သွားမည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်မှ တာဝန်ရှိသူများက ပြောဆိုသည်။