မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာသော ထောင်နှင့် ချီသည့် မွတ်စလင် ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ရောနှောခြင်း မရှိစေရန် ဘင်္ဂလား ပင်လယ်အော်ရှိ ရေလွှမ်းနေသော ကျွန်းတခုသို့ ပြောင်းရွှေ့ချထားရန် အစီအစဉ်တခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည် အသက်သွင်းလိုက်သည်။
မြန်မာရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးစေခဲ့သည့် အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုများအပြီး ပြင်းထန်သော လုံခြုံရေး တုံ့ပြန် ဆောင်ရွက်မှုများကြောင့် လူအများအပြား သေဆုံးခဲ့ပြီး မွတ်စလင်အများစု နေထိုင်ရာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ ၆၅၀၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်များကို ဒီရေမြင့်ချိန်တွင် ရေလွှမ်းမိုးတတ်သည့် သန်ဂါချာကျွန်းသို့ ပို့ရန် အစီအစဉ်ကို ၂၀၁၅ ခုနှစ်က ပထမဆုံးအကြိမ် ကြေညာအပြီး လူ့အခွင့်အရေးအဖွဲ့များက ဒေါသတကြီး တုံ့ပြန်ခဲ့ကြသည်။
ရိုဟင်ဂျာမွတ်စလင်များ ဝင်ရောက်မှုကို စောင့်ကြည့်ရန် ကော်မတီအများအပြား ဖွဲ့စည်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အဖွဲ့၏ အင်တာနက် စာမျက်နှာမှ ဇန်နဝါရီလ ၂၆ ရက်ရက်စွဲပါ ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုဝင်ရောက် လာသော သူများသည် ဒေသခံများနှင့် ရောနှောပြီး တရားဥပဒေစိုးမိုးရေး ပြဿနာများ ပေါ်ပေါက်လာမည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိုးရိမ်နေသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် မြန်မာနိုင်ငံသို့ ပြန်မပို့မီ သန်ဂါချာကျွန်းသို့ ယာယီပို့ဆောင်ထားမည့် ဒုက္ခသည်များ၏ စာရင်းတခုကို ပြုစုနေသည်ဟု အထက်ပါ ကြေညာချက်က ဆိုသည်။
ဒုက္ခသည်များကို ထိုကျွန်းသို့ ပို့ဆောင်ရန် အချိန်ယူရမည် ဖြစ်ပြီး ထိုနေရာတွင် နေထိုင်ရန် မဖြစ်နိုင်ပါက နေထိုင်၍ ရအောင် အစိုးရက လုပ်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက ပြောသည်။ ။