ထိုင်းနိုင်ငံမှ ပင်လယ်စာတင်ပို့သည့် အဓိက ကုမ္ပဏီကြီးတခုမှ ရွှေ့ပြောင်းလုပ်သား ၂၀၀၀ ကျော်က ပိုမိုများပြားသည့် ဆု ကြေးငွေများနှင့် ကောင်းမွန်သည့် လူမှုဖူလုံရေး အကျိုးကျေးဇူးများ ရရှိစေရန် တောင်းဆိုခဲ့ကြပြီး နိုင်ငံခြားသားများကို အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် မပြုသည့် နိုင်ငံတခုတွင် ကြုံတောင့်ကြုံခဲ တောင်းဆိုမှုတခု ဖြစ်သည်ဟု လူ့ အခွင့် အရေး အဖွဲ့တခုက ပြောသည်။
ရွှေ့ပြောင်း အလုပ်သမား ၂၀၀၀ ကျော်၏ ကိုယ်စား အလုပ်သမား ၇ ဦးက အစိုးရ၏ အလုပ်သမား ကာကွယ်ရေး နှင့် သက်သာ ချောင်ချိရေး ဌာန နှင့် တူနာငါးလုပ်ငန်း ကုမ္ပဏီကြီး တခုဖြစ်သည့် Unicord PCL သို့ စာရေးသား တောင်းဆို ခဲ့သည်ဟု ၎င်းတို့ကို ကူညီပေးနေသည့် Migrant Worker Rights Network (MWRN) က ပြောသည်။
“ဒီညှိနှိုှုင်းမှု အောင်မြင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ တခြားအလုပ်သမားတွေဆီကိုလဲ တဖြည်းဖြည်း ပျံ့နှံ့ သွားပြီးတော့ ခွန်အားဖြစ်လာမယ်၊ စုစည်းဖို့ ယုံကြည်ချက်ရှိလာမယ်၊ စုပေါင်းပြီးတော့ သူတို့ရဲ့ အလုပ်ရှင်တွေဆီမှာ တောင်းဆိုမှုတွေ ပြုလာကြပါမယ်” ဟု MWRN ကို ပူးတွဲတည်ထောင်သူ တဦးဖြစ်သော Andy Hall ကပြောသည်။
“အလုပ်သမားတွေ အနေနဲ့ သူတို့မှာ စွမ်းအားရှိတယ်ဆိုတာ သတိထားမိသွားပါလိမ့်မယ်။ အလုပ်သမားတွေက စွမ်းအား ရှိတဲ့ လူသားတွေပါ။”
လတ်တလောနှစ်များအတွင်းတွင် အလုပ်သမားများ အပေါ်ခေါင်းပုံဖြတ်ခြင်း နှင့် ရွှေ့ပြောင်းအလုပ်သမားများကို ဖိနှိပ် ခြင်း များကြောင့် ထိုင်းနိုင်ငံ အပေါ်ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသည်။ ရွှေ့ပြောင်းလုပ်သား အများစုမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ဖြစ်သည်။
အလုပ်သမား အများအပြားမှာ ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်၍ အန္တရယ်များသည့် အလုပ်ကြမ်းများ လုပ်ကိုင်ရန် အတွက် ပွဲစားများကို ငွေကြေး မတန်တဆပေး၍ လာကြရသည့် သူများ ဖြစ်ပြီး လုပ်ခလစာကလည်း အနိမ့်ဆုံး လုပ်ခ လ စာထက်ပင် နည်းနေသည်။
ထိုင်းနိုင်ငံက လူကုန်ကူးမှု နှင့် အဓမ္မခိုင်းစေမှု တိုက်ဖျက်ရေး အားထုတ်မှုတခုအနေဖြင့် မူဝါဒများချမှတ်၍ တွန်းအားပေး ဆောင်ရွက်နေသည်။ အထူးသဖြင့် ပင်လယ်စာ လုပ်ငန်း ကဏ္ဍတွင် ဖြစ်သည်။
Sea Value Group ၏ လုပ်ငန်းခွဲဖြစ်သော Unicord သို့ အလုပ်သမားက တောင်းဆိုသည့် အချက်များထဲတွင် ဆုကြေးကို တိုးမြှင့်ပေးရန် နှင့် ၂ ပတ်ဆက်တိုက် ပျက်ရက်မရှိသည့် အလုပ်သမားများကို ဆုကြေးပေးခြင်းကဲ့သို့သော အကျိုးခံစားခွင့် များကို တိုးမြှင့်ပေးရန် အချက်များပါဝင်သည်။
သူတို့တောင်းဆိုရခြင်းမှာ ထိုင်းနိုင်ငံမှ အခြားသော ပင်လယ်စာလုပ်ငန်းကြီးများတွင် အလုပ်သမားများအတွက် ပေးအပ် ထားသည့် အကျိုးခံစားခံစားခွင့်များနှင့် တူညီစေရန် ရည်ရွယ်ချက် နှင့် ဖြစ်သည်ဟု MWRN ကပြောသည်။
Unicord မှ တာဝန်ရှိသူများထံမှ မှတ်ချက်တောင်းခံရန် ဖုန်းနှင့် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။
ဖင်လန်နိုင်ငံမှ ဥပဒေ အကျိုးဆောင် အဖွဲ့အစည်းတခုက ၂၀၁၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် အစီရင်ခံစာ တစောင်အရ ၎င်းတို့ အဖွဲ့က စတင်စောင့်ကြည့်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စ၍ Unicord ကုမ္ပဏီ မှ လုပ်ငန်းခွင် အခြေအနေများ တိုးတက် ကောင်းမွန်လာခဲ့သည်ဟု သိရသည်။ သို့သော်လည်း အလုပ်သမားများ အနေဖြင့် အလုပ်ရရှိရေးအတွက် ငွေကြေး အများ အပြားပေးနေရ ဆဲဖြစ်သည်ဟု ဆိုသည်။
ပြီခဲ့သည့် နှစ်အတွင်းက အလုပ်သမား ၂၀၀ စက်ရုံ အပြင်ဘက်တွင် ဆန္ဒပြခဲ့ပြီးနောက် Unicord ကုမ္ပဏီက အလုပ်သမား ငှားရမ်းမှုကြေး (recruitment fees) ကို လျှော့ချခဲ့သည်ဟု Andy Hall ကပြောသည်။သူတို့၏ အောင်မြင်မှု က ယခု လက်ရှိတောင်းဆိုမှုများကို ဖြစ်လာစေခဲ့သည်ဟု သူက ထပ်ပြောသည်။
Sea Value ၏ ဒုတိယ ဥက္ကဌ ဖြစ်ပြီး ထိုင်းနိုင်ငံ တူနာငါးလုပ်ငန်း အသင်း၏ ဥက္ကဌလည်း ဖြစ်သော Chanintr Chalisarapong က ညှိနှိုင်းဆွေးနွေးမှုများ နှင့် ပတ်သက်၍ ပြောဆိုရန် ညင်းဆန်ခဲ့ပါသည်။
“သူတို့က စာတင်လာတယ်။ အဲဒါကို လုပ်ဖို့က အချိန်ယူရမယ်။သူတို့ တောင်းဆိုတာတွေက အများကြီးပဲ။ အခုအချိန်မှာ တော့ ကျနော်တို့ မှတ်ချက် မပေးချင်ပါဘူး။ ခုချိန်မှာ ကုမ္ပဏီက အားလုံးကို ဥပဒေနဲ့ အညီ လုပ်နေတာပါ။” ဟု Chanintr Chalisarapong က တယ်လီဖုန်းမှ တဆင့် ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ ပရိုဂရမ် မန်နေဂျာ Jason Judd က အလုပ်သမား သမဂ္ဂများ နှင့် အရပ်ဘက် အဖွဲ့အစည်းများက အပြည့်အဝဖွဲ့စည်းရေးနှင့် ထိုင်းနိုင်ငံမှ အလုပ်သမား (မည်သည့်နိုင်ငံမှ ရောက်လာသည် ဖြစ်စေ)တို့၏ အခွင့်အရေး ညှိနှိုင်းရေး ကို ထပ်ခါ တလဲတဲ တောင်းဆိုနေခဲ့သည်ဟု ပြောသည်။ သူက ထိုင်းနိုင်ငံ ပင်လယ်စာလုပ်ငန်းကဏ္ဍ ကို အဓိက ကိုင်တွယ်ရသူဖြစ်သည်။
“တောင်းဆိုမှုတွေက လစာနဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ဖို့ ဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ အတွက် အလုပ် ချိန်က ပုံမှန် မဟုတ်ဘူး။ ဒါပေမယ့် အခု အားထုတ်မှုက ထိုင်းနိုင်ငံက အစားအစာနဲ့ စိုက်ပျိုးရေး ကဏ္ဍ အတွင်းမှာ ရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ ကြားမှာ ရှိလာမယ့် အဆင့်မြင့်ဆွေးနွေးပွဲတွေထဲက တခု ဖြစ်လာလိမ့်မယ်လို့ ကျနော် တို့ မျှော်လင့်ပါတယ်” ဟု Jason Judd က အီးမေးလ်မှ တဆင့်ဖြေကြားခဲ့သည်။