သတင်း

လာမည့် ၃နှစ်အတွက် မြန်မာ့စီးပွားရေးတိုးတက်မှု မြင့်တက်မည်ခန့်မှန်း

ငွေကြေးဖောင်းပွမှု လျှော့ကျလာပြီး အခြေခံ အဆောက်အအုံ၊ အသေးစား ကုန်ထုတ်လုပ်ငန်းနှင့် ဟိုတယ်ခရီးသွားလုပ်ငန်း ကဲ့သို့သော ကဏ္ဍများတွင် ရင်နှီးမြှုပ်နှံမှု တိုးတက်လာသောကြောင့် မြန်မာ့စီးပွားရေးသည် ရှေ့လာမည့် ၃ နှစ်အတွင်း တနှစ်လျှင် ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ရန် မျှော်လင့်ထားကြောင်း တနင်္လာနေ့က ကမ္ဘာ့ဘဏ်အစီရင်ခံစာတစောင်ကဆိုသည်။

စီးပွားရေးရှေ့ အလားအလာမှာ နှိုင်းယှဉ်ချက်အားဖြင့် ကောင်းသော်လည်း တည်ငြိမ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအ တွက် အန္တရာယ်များတွင် ကျဉ်းမြောင်းသော ကုန်ထုတ်လုပ်မှု အခြေခံ၊ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာသော ကမ္ဘာ့ ဈေးကွက်၊ ကုန်စည် အမျိုးအမည် ကွဲပြားမှု မရှိခြင်းနှင့် နိုင်ငံတကာ ကုန်စည်ဈေးများ မြင့်မားလာခြင်းတို့ပါဝင်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ ရှင်းလင်းမှု၊ ဆက်သွယ်နိုင်မှု၊ အယုံအကြည်ရှိမှုတို့ကို ပိုမိုတိုးတက်ကောင်းမွန်အောင်ပြုလုပ်ခြင်းဖြင့် ရင်းနှီးမြှုုပ်နှံသူများအကြား သတိကြီးကြီးထားသော နည်းလမ်းကို အသုံးပြုရန် ပြင်ဆင်ရမည်ဟု ထိုအစီရင်ခံစာက အကြံပြုသည်။

ပြီးခဲ့တဲ့နှစ်အတွင်း ဇူလိုင်လက ထုတ်ပြန်သည့် အချက် ၁၂ ချက်ပါ စီးပွားရေး မူဝါဒများ အရ စီးပွားရေး ရည်မှန်းချက်ကို ကာလတို စီးပွားရေး မူဝါဒများနှင့် အခြေအနေများကို ပုံမှန်ပြန်လည် အစီရင်ခံခြင်းနှင့် ပေါင်းစပ်ပါက စီးပွားရေး မျှော်မှန်း ချက်များကို ပိုမိုခိုင်မာစေရန်နှင့် ရင်းနှီးမြှုုပ်နှံသူများ၏ ယုံကြည်မှုကို ထိန်းသိမ်းရန် အထောက်အကူ ပြုနိုင်သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

“ရေရှည်တည်ငြိမ်ပြီး အားလုံး ခံစားနိုင်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒတွေဟာ မြန်မာပြည်သူတွေ ဝင်ငွေရပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်တွေရဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အတွက် အရေးကြီးပါတယ်။

ဒါတွေဟာ ဆင်း ရဲတဲ့သူတွေ ကို အထိခိုက်ဆုံးဖြစ်တဲ့ ငွေကြေးဖောင်းပွမှုကို လျှော့ချရာမှာလည်း အရေးပါပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ မန်နေဂျာ Abdoulaye Seck က ပြောသည်။

၂၀၁၇ ခုနှစ် အတွက် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ ၂၀၁၅- ၁၆ ခုနှစ်က ၇ ဒသမ ၃ ရာခိုင်နှုန်း မှ ၂၀၁၇ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ကျသွားမည်ဟု ကမ္ဘာ့ဘဏ်က မျှော်လင့်သည်။

နိုင်ငံသည် ယခင်နှစ်က ရေလွှမ်းမိုးမှုများကြောင့် ထုတ်လုပ်မှု ကျဆင်းပြီး အစိုးရသစ်သည် တာဝန်ယူပြီး ပထမ ၆ လအတွင်း စီးပွားရေး ခက်ခဲသော စီးပွားရေး ဝန်းကျင်တွင် လမ်းကြောင်း ရှာနေရသည်။ ရေလွှမ်းမိုးမှုနှင့် အတူ ကုန်စည်ဈေးနှုန်း ကျဆင်းခြင်းနှင့် ရင်းနှီးမြှုုပ်နှံမှု ကျဆင်းခြင်း ဘဏ္ဍာရေးရှင်းတမ်းကို ကွာဟစေပြီး လိုငွေပြစေသည်ဟု အစီရင်ခံစာက ပြောသည်။

ကိုမင်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဖြစ်ပါ်သော ရေလွှမ်းမိုးမှုမှ စိုက်ပျိုးရေး ကဏ္ဍ ပြန်လည် နလံထရေးမှာလည်း မျိုးစေ့ညံ့ ဖျင်းမှု၊ ဓာတ်မြေသြဇာ ရရှိမှု စသည့် ကဏ္ဍအတွင်း နှစ်ပေါင်းများစွာ ကန့်သတ်ချက်များကြောင့် အဟန့်အတား ကြုံရသည် ဟု အစီရင်ခံစာက ဆိုသည်။

Loading