ရခိုင်ပြည်နယ်၊ မောင်တောဒေသ၌ အစိုးရဌာနဆိုင်ရာများနှင့် ဆက်စပ်မှုရှိသူများ အသတ်ခံရသည့် ဖြစ်စဉ်များကြောင့် ဒေသခံများအကြား ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့မှုများ ရှိနေကြောင်း သိရသည်။
ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက “ ဒေသခံတွေနဲ့ တွေ့တဲ့အခါ ဘာသာစကား အခက်အခဲရှိတယ်။ ဗမာလိုတတ်တဲ့သူကလည်း မပြောရဲကြဘူး။ သူတို့မှာ ကြောက်ရတဲ့ အကြောင်းအရင်းတွေ ရှိနေတယ်” ဟု ပြောသည်။
မောင်တောအကြမ်းဖက် တိုက်ခိုက်မှုအပြီး ၂၀၁၆ အောက်တိုဘာလ ၉ ရက်မှ ၂၀၁၇ ဖေဖော်ဝါရီလ ၁ ရက်အထိ မောင်တောဒေသအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အရပ်သားစုစုပေါင်း ၁၃ ဦး အသတ်ခံခဲ့ရပြီး ပျောက်ဆုံးနေသူ ၈ ဦး ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး အမှန်တရားဖော်ထုတ်ခြင်း မပြုနိုင်ရန်၊ အကြောက်တရား ကြီးစိုးစေရန်၊ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူများနှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်က အစီအရင်ခံစာ တင်သွင်းရာ၌ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် စွပ်စွဲချက်အသစ်များ ထပ်မံပေါ်ပေါက်လျက် ရှိနေသည့်အတွက် ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြီးစီးသည်အထိ အစီအရင်ခံစာ တင်သွင်းမည့်ရက်ကို တိုးမြှင့်သတ်မှတ်ကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။
ဦးဇော်မြင့်ဖေက “ပဋ္ဋိပက္ခ ကာလအတွင်းမှာ ရွာတွေရဲ့ ခြံစည်းရိုး ဖျက်တာမျိုးတွေပေါ့၊ ဒါတွေက ဖြစ်ပြီးသားတွေပေမယ့် အသစ်လိုမျိုး စွပ်စွဲဖြန့်ဝေတာတွေ ရှိနေတယ်။ ဒါတွေအပြင် နောက်ပိုင်းတင်ပြချက် အသစ်တွေရှိလာရင်လည်း ဖြေရှင်းဖို့ အချိန်ပေးလိုက်တာပါ။ သိပ်တော့မကြာပါဘူး ၁ လလောက်ဆို အစီအရင်ခံစာ ထုတ်နိုင်မှာပါ” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်က မောင်တောဒေသသို့ ၂ ကြိမ် သွားရောက်လေ့လာခဲ့ပြီးနောက် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အဓိက အကြောင်းအရာများကို သေချာသိရှိထားပြီး ဖြစ်သော်လည်း စွပ်စွဲချက်များ အပေါ် သေချာရှင်းလင်းစွာ ဖြေရှင်းနိုင်ရေးအတွက် ထပ်မံအချိန်ယူသည့် သဘောဖြစ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ဆက်ပြောသည်။
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် တပ်မတော်က နယ်မြေရှင်းလင်းမှု ဆောင်ရွက်စဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံများအပေါ် သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲမှုများလည်း ရှိနေသည်။
ထိုစွပ်စွဲမှုများနှင့် ပတ်သက်၍ ကော်မရှင်က ခိုင်လုံသည့် သက်သေထွက်ဆိုချက်များ မတွေ့ရှိခဲ့ဘဲ ဒေသခံများနှင့် တွေ့ဆုံရာတွင် ဘာသာစကားအခက်အခဲနှင့် ဒေသခံများက ဖြစ်စဉ်များအပေါ် ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့မှုများ ရှိနေသဖြင့် အဖြစ်မှန်သိရှိရန် ခက်ခဲနေကြောင်း ဦးဇော်မြင့်ဖေက ပြောသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က စတင်ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုမှာ ရခိုင်ပြည်နယ်အတွင်း လူ့အသိုင်းအဝိုင်း နှစ်ဖက်အကြား ပဋ္ဋိပက္ခဖြစ်ပွားခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတော် လုံခြုံရေးနှောက်ယှက် တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ဦးဇော်မြင့်ဖေက သုံးသပ်ပြောဆိုသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက မောင်တောရှိ လုံခြုံရေးရဲတပ်ဖွဲ့စခန်းများ အကြမ်ဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ အကြမ်းဖက်ရာတွင် ပါဝင်သူ ၄၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။