မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ၂၀၁၆ ခုနှစ်တွင် စိတ်ကြွဆေးပြားများကို စံချိန်တင်ဖမ်းမိခဲ့ကြောင်း AFP သတင်းဌာနက သတင်းရေးသားဖော်ပြထားသည်။
ရဲတပ်ဖွဲ့သည် ယမန်နှစ်အတွင်း စိတ်ကြွဆေးပြား ၉၈ သန်းဖမ်းမိပြီး ၂၀၁၅ ခုုနှစ် က ဖမ်းမိသောအရေအတွက်ဖြစ်သည့်ဆေးပြား သန်း ၅၀ ၏ ၂ ဆ နီးပါးဖြစ်နေကြောင်း ရဲတပ်ဖွဲ့၏ အချက်အလက်များကို ကိုးကားပြီး သတင်းက ရေးသည်။
သတင်း၏အဆို မြန်မာနိုင်ငံသည် ကမ္ဘာ့မူးယစ်ဆေးဝါး ထုတ်လုပ်သော အဓိကနိုင်ငံများအနက် တခုဖြစ်ပြီး မက်သာအမ်ဖာတမင်းနှင့် အခြားစိတ်ကြွဆေးပြားများသာမက ဘိန်းဖြူ၊ ဘိန်း နှင့် ဆေးခြောက်များကိုလည်း အကြီးအကျယ် ထုတ်လုပ် တင်ပို့နေကြောင်း သိရသည်။
ထုတ်လုပ်မှု အများစုကို လူမျိုးစုလက်နက်ကိုင်များ သို့မဟုတ် သြဇာကြီးမားလှသည့်စစ်တပ်နှင့် မဟာမိတ်ပြုလုပ်ထားသည့် ပြည်သူ့စစ်အုပ်စုများ ထိန်းချုပ်ရာ ဝေးလံခေါင်ဖျားနယ်စပ်ဒေသများတွင် ပြုလုပ်ကြကြောင်းလည်း ဆိုသည်။
လွန်ခဲ့သော ဆယ်စုနှစ် ၃ စုအတွင်း အောက်ခြေ မူးယစ်မှောင်ခိုများကို မကြာခဏ ဖမ်းမိသော်လည်း ဂိုဏ်းခေါင်းဆောင်များအား တရားခွင်သို့ ပို့ဆောင်နိုင်ခြင်း မရှိသလောက်ပင်ဖြစ်သည်။
သြဇာကြီးပြီး များပြားလှသည့် အကျိုးစီးပွားများ ပါဝင်နေသောကြောင့် မူးယစ်မှောင်ခိုမှုကို ထိန်းချုပ်နှိမ်နင်းရန် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရသစ် အခက်အခဲ တွေ့နေသည်။
အဓိက အခက်အခဲများတွင် လူအင်အားမရှိခြင်း၊ အရည်အသွေးမြင့် ထောက်လှမ်းရေးနည်းပညာ မရှိခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ဒေသများအား လက်လှမ်းမမီမှုများ ပါဝင်သည်ဟု ရဲအရာရှိတဦးက AFP ကိုပြောသည်။
စိတ်ကြွဆေးပြားများအပြင် ဘိန်းဖြူ ၇၅၉ ကီလိုဂရမ်ခန့်၊ ဘိန်း ၉၅၄ ကီလိုဂရမ်နှင့် ice ခေါ် သန့်စင်ပြီး မက်သာအမ်ဖာတမင်း ၂၄၆၄ ကီလိုဂရမ်တို့ကိုလည်း ယခင်နှစ်က ဖမ်းဆီးမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်သော တရားစွဲဆိုမှုမှာလည်း ၂၀၁၅ ခုနှစ်တွင် ၈၈၀၀ ခန့်ရှိရာမှ ၁၃၅၀၀ အထိ မြင့်တက်လာကြောင်းလည်း သိရသည်။