တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကို အစိုးရက “နိုင်ငံရေး ဆွေးနွေးရန်” ဟု ဆိုသည့် စာပို့ ကမ်းလှမ်းမှုအပေါ် ၎င်းတို့ အဖွဲ့အစည်း၏ သဘောထားများကို ပြန်လည်ပေးပို့ ခဲ့ကြောင်း KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော် က ပြောသည်။
“နိုင်ငံရေး ဆွေးနွေးရန်” ဟုဆိုကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အောက်ရှိ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဇန်နဝါရီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် စာပို့ ဖိတ်ကြားခဲ့မှုအပေါ် ဇန်နဝါရီ ၂၈ ရက်တွင် အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော် က “ကျနော်တို့ကတော့ ဒီစာအပေါ်မှာ သိပ်နားမရှင်းဘူး။ ဒါကြောင့် ကျနော် တို့က အခုလို စာရရှိတာကို ဝမ်းသာကြောင်းရေးတယ်။ ဒုတိယအချက် အနေနဲ့က နိုင်ငံရေး ဆွေးနွေး မှုတွေ အကုန်လုံးကို UNFC – DPN ကနေ ကျနော်တို့ ပါဝင်လျက်ရှိတယ်။ တတိယ အချက်ကတော့ ယခင် ဒေါက်တာ တင်မျိုးဝင်းဆီ လိပ်မူပြီးတော့ ကျနော်တို့ အနေနဲ့ မရှင်းလင်းတဲ့ အချက်များကို မေးမြန်းထားတာရှိပါတယ်။ အဲဒါတွေကိုလည်း ပြန်ပြီး ဖြေကြားပေးစေလိုတယ်လို့ အချက်သုံးချက်နဲ့ ပြန်စာပို့ထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
KIO သည် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကော်စီ (UNFC) တွင် အဖွဲ့ဝင်ဖြစ်ပြီး UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တွင်လည်း အဖွဲ့ဝင် ကိုယ် စားလှယ် အဖြစ်ပါဝင်ပြီး အစိုးရနှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးလျက်ရှိသည်။
ထို့ကြောင့် အစိုးရဘက်က “နိုင်ငံရေး ဆွေးနွေးရန်” ဟုဆိုကာ ဖိတ်ကြားခြင်း အပေါ် ရှင်းရှင်းလင်းလင်း မရှိ သဖြင့် နားလည်ရ ခက်နေကြောင်း သို့သော်လည်း ဒေါက်တာ တင်မျိုးဝင်း ထံသို့ ပြန်လည် ပေးပို့ထားသည့် စာထဲတွင် ၎င်းတို့ သဘောထားအား ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်ဟု ဆိုသည်။
“သူတို့ရဲ့စာ အသွားအလာက ကျနော်တို့ကို တွေ့ဆုံဖို့ ကမ်းလှမ်းတာလို့ပဲ ပြောရမလား မသိဘူးဗျ။ ဒါပေမယ့် အစည်းအဝေး ဖိတ်စာတော့ မဟုတ်ဘူး။ KIO အနေနဲ့ နိုင်ငံရေး ဆွေးနွေးလိုတဲ့ ဆန္ဒရှိရင် ရန်ကုန်ကို လာခဲ့ပါ တဲ့။ အဲဒါကို ကျနော်တို့ ဘယ်လို သဘောပေါက်ရမလဲ မသိဘူး”ဟု ဗိုလ်ချုပ် ဂွန်မော် က ပြောသည်။
ယခင်ကတော့ KIO လက်အောက်ခံ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အပေါ် တပ်မတော်၏ ထိုးစစ် ဆင် တိုက်ခိုက် နေမှုများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် KIO ဘက်မှ အဆိုပြုခဲ့ဖူးကြောင်း ထိုအကြောင်းအရာအပေါ် မူတည်၍ ကမ်းလှမ်းခြင်း ဟုတ်မဟုတ်ဆိုသည်မှာလည်း ရှင်းလင်းမှုမရှိဟုဆိုသည်။
ငြိမ်းချမ်းရေး ကော်မရှင် မှ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် လတ်တလော ပေးပို့လာသော စာများသည် နားလည်ရခက်ပြီး ရှင်းလင်းမှု မရှိဟု ပြောဆိုလာသည်မှာ KIO သာ မကဘဲ DPN အဖွဲ့ကလည်း ၎င်းတို့ထံ ဇန်နဝါရီလ ၂၆ ရက်နေ့က ပေးပို့လာသော စာအပေါ်မှာ ရှင်းရှင်းလင်းလင်း နားမလည်ဟု ပြောဆိုသည်။
ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ အကြံပေး ခေါင်းဆောင် ဦးအောင်ကြည် က “ဒါကတော့ဗျာ သူတို့ပြောစရာ ဆိုစရာတွေ ရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ တဘက်နဲ့ တဘက် အမြင်တွေ အယူ အဆလေးတွေ၊ ဒါလေးတွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။ သူတို့စိတ်ထဲမှာ ရှိတာလေးတွေကို ပြောပြနိုင် အောင်၊ ပြောပြခြင်းအားဖြင့် ကျနော်တို့ PC ကနေတဆင့် သက်ဆိုင်တဲ့ တာဝန်ရှိတဲ့သူတွေကို ဆက်လက်ပြီး တော့ တင်ပြနိုင်တာပေါ့။ ဒီသဘောမျိုးပဲ ယူဆပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ငြိမ်းချမ်းရေး ကော်မရှင် ဘက်မှ ကမ်းလှမ်းစာများနှင့် ပတ်သက်၍ KIO နှင့် DPN တို့က ရှင်းလင်းမှု မရှိကြောင်း နားလည်ရခက်နေကြောင်း ပြောဆိုနေသည့် ၎င်းတို့ဘက်မှ ဖိတ်ခေါ် ကမ်းလှမ်းစာများသည် ယခင်ဆွေးနွေးပွဲ များ အတွက် ကမ်းလှမ်းခဲ့သကဲ့သို့သာ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြောင်းလဲမှု မရှိကြောင်း သို့သော်လည်း နားလည်မှု တချို့သာ ပြောင်းလဲသွားခြင်း ဖြစ်နိုင်ကြောင်း ဦးအောင်ကြည် က ပြောဆိုသည်။
“ဖိတ်တာကတော့ အခါတိုင်း အစည်းအဝေးတွေ လုပ်တဲ့ အတိုင်း ဖိတ်တာပါပဲ။ ဘာမှ အထွေအထူး မပါပါဘူး။ ပြောင်းလဲမှု မရှိပါဘူး။ ပြောင်းလဲမှု ရှိတာကတော့ အခြေအနေလေးတွေ ပြောင်းလဲမှု ရှိရင်ရှိမှာပေါ့”ဟုလည်း ဦးအောင်ကြည် က ပြောသည်။
သူက ဆက်ပြီး “လက်ရှိအခြေအနေမှာ နဂိုတုန်းက ပုံသဏ္ဍာန်အတိုင်း ကျနော်တို့ရဲ့ ဖိတ်ကြားမှုအပေါ်မှာ သူတို့ ဘက်က နားလည်တာက ပြောင်းလဲသွားတာဖြစ်ချင်လည်း ဖြစ်မှာပေါ့။ ဒါက ဖြစ်ပေါ်နေတဲ့ အခြေအနေ တိုးတက်မှုလေးတွေနဲ့ ဆိုင်ပါတယ်။ ဒီဘက်က ထွက်သွားတဲ့စာကို ကျနော်ဖတ်ကြည့်ရတာတော့ နဂိုတုန်းက လည်း ဒီလိုပဲ ဖိတ်နေကြ၊ ပြောနေကြ၊ ဆွေးနွေးနေကြ အဲဒီတုန်းက ဖိတ်ကြားတဲ့ အတိုင်းပဲ အဲဒီလိုဖိတ်ကြား တယ် လို့ပဲ ကျနော်နားလည်ပါတယ်”ဟု ပြောဆိုသည်။
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က ဦးအောင်ကြည် ဦးဆောင်သည့် Peace Commission နှင့် DPN တို့တွေ့ဆုံခဲ့ကြပြီး UNFC က အဆိုပြုထားသော အချက် ၈ ချက်နင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြသည်။
နောက်တကြိမ် တွေ့ဆုံပွဲကိုမူ ဇန်နဝါရီလကုန်ပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံရန် သဘောထားရှိခဲ့ကြသည်။
သို့သော်လည်း အစိုးရဘက်မှ ကမ်းလှမ်းစာ အပေါ် အပြန်အလှန် ရှင်းလင်းနေဆဲပဲ ရှိနေပြီး တွေ့ဆုံ ဆွေးနွေး မည့် နေ့ရက်ကို သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။