သတင်း

ဦးဝီရသူ၏ ပုသိမ်တရားပွဲ လုံခြုံရေးကြောင့် ခွင့်ပြုချက်မရ

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တဝိစိတ္တာဘိဝံသ) ၏ ပုသိမ်မြို့၊ကမ်းနားလမ်းရှိ ရှုခင်းသာရင်ပြင်၌ ယမန်နေ့က ( ဖေဖော်ဝါရီ ၁ ရက်) ပြုလုပ်မည့် တရားပွဲကို လုံခြုံရေးအခြေအနေအရ ဒေသဆိုင်ရာ အာဏာပိုင်များက ခွင့်မပြုကြောင်း သိရသည်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က “လက်ရှိအချိန်က လူမျိုးရေးမုန်းတီးမှုနဲ့ လုပ်ကြံသတ်ဖြတ်မှု ဖြစ်သွားတဲ့အချိန် ဖြစ်နေတယ်။ ဟောပြောမှုကို ခွင့်ပြုလိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ အုပ်စုဖွဲ့ နှောင့်ယှက်တာတွေ ပေါ်မလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် လုံခြုံရေးရှုထောင့်ကကြည့်ပြီး ဆရာတော်ဟောမယ့် တရားပွဲကို ခွင့်ပြုရန်မသင့်ပါလို့ မှတ်ချက်ပေးခဲ့တာ ဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ဧရာဝတီ အမျိုးသားရေးကွန်ရက်က ဦးဆောင်၍ ပုသိမ်မြို့၊ ရှုခင်းသာရင်ပြင်တွင် ဇန်နဝါရီ ၃၁ ရက်၌ ပုသိမ်မြို့ရှိ ရွှေမစိုးရိမ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝိဓယနှင့် ဖေဖော်ဝါရီ ၁ ရက်တွင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူတို့ တရားဟောပြောရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

တရားပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ဧရာဝတီ အမျိုးသားရေးကွန်ရက်မှ ဦးဇော်ဝေက “တရားပွဲကျင်းပဖို့အတွက်ကို အများကြီး အပင်ပန်းခံခဲ့ရတာပါ။ တရားပွဲနဲ့ပတ်သတ်လို့ မုခ်ဦးတွေရော၊ ဗီနိုင်းတွေရော၊ တရားဟောပလ္လင်တွေရော၊ ဧရာဝတီတတိုင်းလုံးက နီးစပ်ရာနေရာတွေ လက်ကမ်းစာစောင်တွေ လိုက်ဖြန့်တယ်။ မိုက်နဲ့လည်း အော်ထားတယ်။ အဲ့လို သေချာပြင်ဆင်ပြီးကာမှ ပျက်သွားတော့ စိတ်မကောင်းဘူးပေါ့ဗျာ ” ဟု ဧရာဝတီကို ပြောသည်။

တရားပွဲ ပျက်ပြယ်သွားသည့်အတွက် ဆရာတော်ဦးဝီရသူအား သည်းခံခွင့်လွှတ်ပေးရန် တောင်းပန်လျှောက်ထားခဲ့ရာ ဆရာတော်က ကျေကျေနပ်နပ် လက်ခံခဲ့ကြောင်း ဦးဇော်ဝေက ဆက်ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် ၂၀၁၆ နှစ်ကုန်ပိုင်းက ပုသိမ်မြို့ အမှတ် ၁၀ ရပ်ကွက်တွင် ပြုလုပ်မည့် ရွှေညဝါ ဆရာတော်၏ တရားပွဲကို သံဃာ့နာယက ဆရာတော်ကြီးများ၏ သြဝါဒအရ ပထမဆုံးအကြိမ် ပိတ်ပင်တားမြစ်ခဲ့ပြီး ဆရာတော် ဦးဝိရသူ၏ တရားပွဲကို ယခုကဲ့သို့ ပိတ်ပင်တားမြစ်မှုမှာ ဒုတိယအကြိမ် ဖြစ်သည်။

Loading