အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရပြီးနောက် စာအိတ်ဗုံး သတိပေးချက်တရပ်ကို နေပြည်တော် ပြည်သူ့လွှတ်တော်၌ ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ပြည်သူ့လွှတ်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က “အခုလို သတိပေးရတာက လက်ရှိအခြေအနေမှာ အရင်ကထက် ပိုပြီးသတိထားသင့်တယ်။ သတိ ရှိစေချင်တယ်။ နိုင်ငံတကာမှာလည်း လုံခြုံရေးအရ အကြောင်းမျိုးစုံနဲ့ လုပ်တာတွေ ရှိတယ်။ ဒီမှာလည်း အကြောင်းကြောင်းတွေ ရှိတဲ့အခါ လွှတ်တော်အနေနဲ့ ဒီကို လူကြီးတွေ၊ ဝန်ကြီးတွေလည်း ဝင်ထွက်နေတာဆိုတော့ လုံခြုံရေးက ရှိမှရမယ်” ဟု ပြောသည်။
စာအိတ်ဗုံးမှာ သာမာန်စာအိတ် (သို့) ပါဆယ်ထုတ်အား စာတိုက်မှလည်းကောင်း၊ ကြားခံပေးပို့သူထံမှ လက်ခံရရှိသည့်အခါတွင် လည်းကောင်း၊ ဖွင့်ဖောက်သည့် အခါတွင်လည်းကောင်း ပေါက်ကွဲမှုဖြစ်ပေါ်စေပြီး စာအိတ် (သို့) ပါဆယ်ထုတ်ဖွင့်သူကို ပြင်းထန်စွာ ဒဏ်ရာရရှိအောင်၊ သေဆုံးသွားအောင် စီမံပြုလုပ်ထားသည့် ဗုံးအမျိုးအစားဖြစ်ကြောင်း လွှတ်တော်၏ သတိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အခြေအနေကြောင့် လွှတ်တော်သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသည့် စာအိတ်များကို ဂရုစိုက်ရန်နှင့် လုံခြုံရေးအရ စိတ်ချရမှု ရှိစေရန် ထိုသို့ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။
ယခုထုတ်ပြန်ချက်ကို လွှတ်တော်ကော်မတီ အားလုံးသို့ အသိပေးထားပြီး ဖြစ်ပေါ်လာနိုင်သည့် နည်းလမ်းများကို လွှတ်တော်အတွင်းရှိ ဝန်ထမ်းများ ပိုမိုသိရှိ၍ ဌာနတွင်း လုံခြုံရေးကို ယခင်ကထက် ပိုမိုဂရုစိုက်ရန်လိုကြောင်း သိရသည်။
“လွှတ်တော်ထဲကို ပုံစံမျိုးစုံနဲ့ စာတွေဝင်နေတာ ရှိတယ်။ စာအိတ်လာပို့တယ်ဆိုရင် လက်ခံရမှာပဲ။ အဲဒီလိုနေရာတွေမှာ ဒီလိုအသိလေးတွေရှိအောင် လုံခြုံရေးအရ ထုတ်ပြန်ထားတာပါ” ဟု ဦးကိုကိုနိုင်က ဆိုသည်။
လွှတ်တော်သည် တိုင်းပြည်တွင် အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်သဖြင့် ယခုကဲ့သို့ လုံခြုံရေး တင်းကျပ်လာခြင်းကို ကြိုဆိုကြောင်း၊ နိုင်ငံတကာ လွှတ်တော်များ၌ လွှတ်တော်အမတ်များပင် လုံခြုံရေးအရ စစ်ဆေးမှုများ ခံရကြောင်း ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ဧရာဝတီကို ပြောသည်။
“လွှတ်တော်က လုံခြုံရေးအရ တော်တော်လေး ပေါ့လျှော့တာ တွေ့ရတယ်။ အခုမှ ပြန်လည်ပြီး တင်းကျပ်လာတာ တွေ့ရတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဆိုရင် ဒီမှာ Body Search အလုပ်မခံရဘူး။ နိုင်ငံတကာမှာက လွှတ်တော်ကိုယ်စားလှယ်လည်း Body Search အလုပ် ခံရတယ်။ အဲဒါမျိုးကို ဒီမှာလည်း လုပ်စေချင်တယ်” ဟု ဒေါက်တာလှမိုးက ဆိုသည်။
နေပြည်တော်တွင် လွှတ်တော်နှင့် သမ္မတအိမ်တော်တို့ ဆက်စပ်လျက်ရှိရာ ထိုနေရာများကို ရဲတပ်ရင်းက လုံခြုံရေး ရယူထားပြီး၊ အတွင်းပိုင်း လုံခြုံရေးကို သတင်းတပ်ဖွဲ့မှ တာဝန်ယူထားကြောင်း သိရသည်။