မြန်မာနိုင်ငံဆိုင်ရာ ရာထူးရယူမှု တောင်ကိုရီးယားသံအမတ် မေးခွန်းထုတ်ခံရ
တောင်ကိုရီးယား သမ္မတနှင့်ဆိုင်သည့် အရှုပ်အထွေးကိစ္စများထဲမှ အများပြည်သူစိတ်ဝင်စားစရာ အကြောင်းအရာ သစ်တခုက မြန်မာနိုင်ငံနှင့် ပတ်သက်လာသည်။ မြန်မာနိုင်ငံဆိုုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ် Yoo Jae-kyung ကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သောကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး ရာထူးကို ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ သံသယ ရှိသောကြောင့်ဟု တောင်ကိုရီးယား သတင်းများအရ သိရသည်။
သံတမန် ရေးရာ အတွေ့အကြုံ မရှိခဲ့သော Samsung အမှုဆောင်အရာရှိဟောင်းတဦး ဖြစ်သည့် Yoo Jae-kyung ကို ပြီးခဲ့သည့် မေလအတွင်းက သံအမတ်အဖြစ် ခန့် အပ်ခြင်းခံခဲ့ရသည်။
စုံစမ်းစစ်ဆေးသူများ က အသက် ၅၈ နှစ် အရွယ်ရှိ Yoo Jae-kyung သည် ယခုအခါ ဖမ်းဆီးထိန်းသိမ်းခံနေရသည့် သမ္မတ လူယုံတော် Choi Soon-sil ကြောင့် အဆိုပါ ရာထူးကို ရရှိခဲခြင်း ဖြစ်သည်ဟု သံသယရှိခဲ့ကြသည်။ သမ္မတ နှင့်ဆိုင်သည့် အာဏာအလွဲသုံးစားလုပ်မှု အရှုပ်တော်ပုံများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သော ပြီးခဲ့သည့် အောက်တိုဘာလမှ စ၍ Choi Soon-sil နှင့် Samsung တို့၏ ပတ်သက်မှု သတင်းများ ထပ်ကာ တလဲလဲ ထွက်ပေါ်နေခဲ့ပါသည်။
တောင်ကိုရီးယား မီဒီယာတခုက Choi Soon-sil က Yoo Jae-kyung ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ် ခံရ ရေး သဘောတူညီခဲ့ခြင်းမှာ မြန်မာနိုင်ငံကို အကူအညီပေးရေး စီမံကိန်းမှ အကျိုးအမြတ် ရယူနိုင်သည်ဟု သံသယရှိကြောင်း ရေးသားခဲ့သည်။
Choi Soon-sil အပေါ် စွပ်စွဲထားသည့် အာဏာ အလွဲသုံးစားမှု စွပ်စွဲချက် များထဲတွင် သူက သမ္မတ Park Geun-hye နာမည်သုံး၍ ကုမ္ပဏီကြီးများကို ဖိအားပေးကာ အလှူငွေထည့်ဝင်ခိုင်းသည် ဆိုသည့် အချက်လည်းပါဝင်သည်။ ထို့ကြောင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး သမ္မတမှာလည်း စွပ်စွဲပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သမ္မတ အိမ်တော်မှ ဝန်ထမ်း အမြောက်အများလည်း စုံစမ်းစစ်ဆေးခြင်း ခံနေကြရသည်။
ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်းက တောင်ကိုရီးယား နိုင်ငံသို့ ပြန်ရောက်ပြီး များမကြာမီ Yoo Jae-kyung က အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းသို့ ရောက်လာကာ သူ့တွင် အပြစ်မရှိကြောင်း ပြောကြားခဲ့သည်။
“ကျနော့်ကို သံအမတ်ခန့်ဖို့ ဘယ်သူက ထောက်ခံခဲ့သလိုဆိုတာ ကျနော် အခုထိမသိသေးပါဘူး” ဟု သူက သတင်း ထောက်များကို ပြောကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။ “ကျနော့်ကို သံအမတ် ခန့်တုန်းက သမ္မတက ဈေးကွက်သစ်ထဲကို ဝင်မှာ ဖြစ်တဲ့အတွက် သမရိုးကျ သံတမန် အစား ကုန်သွယ်ရေး အတွေ့အကြုံရှိတဲ့သူကို သူတို့ ရှာခဲ့တယ်လို့ ကျနော့်ကို ပြောပါတယ်။”
မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခြင်း မခံရမီက Choi Soon-sil နှင့် တွေ့ဆုံခဲ့သည် ဆိုသည့် အချက်နှင့် ပတ် သက်၍ မူ Yoo Jae-kyung က ငြင်းဆန်ခြင်း မရှိသလို အတည်ပြုပြောကြားခြင်းလည်း မပြုခဲ့ဟု သိရသည်။