ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ ကပြတင်ဆက်ခဲ့သည့် စစ်ပွဲအလိုမရှိကြောင်းပြဇာတ်ကို လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင် တိုက်ရိုက် Live လွှင့်တင်ခဲ့သူ HRAA ခေါင်းဆောင် ဦးထွန်းထွန်းဦးကို တပ်မတော်က အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်က ပုသိမ်ဟိုတယ်၌ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော သဘောထားဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားများက အဆိုပါပြဇာတ်ကို တင်ဆက်ကပြခဲ့ခြင်း ဖြစ်သည်။
ပုသိမ်မြို့မ စခန်းမှူး ဒုရဲမှူး ဦးမျိုးသူက “ပုသိမ်ဟိုတယ်မှာကတဲ့ ပြဇာတ်ကို အင်တာနက်ပေါ် လွှင့်တင်တဲ့အတွက်ဆိုပြီး ဦးထွန်းထွန်းဦးကို တပ်က အီလက်ထရောနစ် ဥပဒေ ၃၄ (ဃ) နဲ့ အမှုဖွင့်ထားတာပါ။ အမှုဖွင့်တဲ့အကြောင်း သူ့ကို ကျနော်တို့ အကြောင်းကြားထားပြီးပြီ။ လတ်တလော သူခရီးလွန်နေတဲ့အတွက် သူပြန်လာတာနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ဒီအမှုကို တရားရုံးတင်သွားမှာပါ” ဟု ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ထိုပြဇာတ် ဇာတ်ဝင်ခန်းတချို့မှာ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်(စစ်ဦးစီး ပထမတန်း) က တရားလိုပြုလုပ်၍ ကျောင်းသား ၉ ဦးကို ပုသိမ်မြို့နယ် တရားရုံးတွင် ဇန်နဝါရီလ ၁၇ ရက်က အသေရဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့သည်။
ဇန်နဝါရီ ၃၁ ရက်က ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်ကပင် ဆက်လက်ပြီး တရားလိုပြုလုပ်၍ လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ – HRAA ခေါင်းဆောင် ဦးထွန်းထွန်းဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၄ (ဃ) ဖြင့် ပုသိမ်မြို့မ ရဲစခန်း၌ ထပ်မံအမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ပုသိမ်ဟိုတယ်တွင် ကျောင်းသားများ ကပြခဲ့သည့် ပြဇာတ်မှာ စစ်ပွဲထောက်ခံသူများကို အောက်ဆီဂျင် အမည်ရှိသတင်းဌာနက အင်တာဗျူး မေးမြန်းသည့်ပုံစံဖြင့် တင်ဆက်ကပြခဲ့သောကြောင့် ဖြစ်သည်။
အမှုဖွင့်တရားစွဲဆို ခံရမှုနှင့် ပတ်သက်ပြီး ဦးထွန်းထွန်းဦးက “ စစ်ပွဲအလိုမရှိ ပြဇာတ်ကပြတာမှာ ကျနော့်သားပါလို့ သူ့အမျိုးတွေနဲ့ ကျနော့်မိတ်ဆွေတွေ ကြည့်လို့ရအောင် ကျနော့်ရဲ့ Facebook မှာ Live လွှင့်ခဲ့တယ်။ အဲဒါကို ပြဇာတ်ကတဲ့ ကလေးတွေကိုလည်း တရားစွဲတယ်။ ကျနော့်ကိုလည်း တရားစွဲတယ်။ ဒါက လုံးဝတရားမျှတမှု မရှိဘူး။ ဥပဒေနဲ့လည်း မညီဘူး” ဟု ပြောသည်။
ထိုပြဇာတ်တင်ဆက်ကပြမှုဖြင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်က တရားစွဲဆိုထားသည့် ကျောင်သားများထဲတွင် လာမည့်မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ၄ ဦး၊ ပုသိမ်တက္ကသိုလ်မှ ကျောင်းသား ၃ ဦးနှင့် အဝေးသင် တက္ကသိုလ် ကျောင်းသား ၂ ဦးတို့ပါဝင်ကြပြီး၊ ၎င်းတို့သည် ပုသိမ်မြို့နယ် တရားရုံး၌ တရားရင်ဆိုင်နေရသည်။