ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးသည် ၎င်းတို့နေအိမ်မှ အလုပ်ရုံသို့ သွားရာတွင် လမ်း၌ ကား တိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
မြန်မာ အလုပ်သမားများသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ နခွန်ပထုန် ဆီစဖန် ဒေသရှိ စက်ရုံတခုတွင် လုပ်ကိုင် နေကြကြောင်း၊ ၎င်းတို့သည် ယနေ့ နံနက် ၆ နာရီတွင် အလုပ်ရုံသို့ စက်ဘီးစီး၍ အလုပ်သွားကြစဉ် လမ်းတနေရာ၌ ၁၀ ဘီးကားတစီးက အရှိန်ဖြင့် ဝင်တိုက်မိရာမှ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ AAC မှ ကိုရဲမင်း က ပြောသည်။
ကိုရဲမင်းက “မောင်နှမ ၂ ယောက်က စက်ဘီးတစီး၊ နောက်တယောက်က တစီး နဲ့ အလုပ်သွားတဲ့အချိန်မှာ ၁၀ ဘီးကား က ဝင်တိုက်တာ၊ ကားသမားက အိပ်ငိုက်နေပုံရတယ်၊ တိုက်ပြီး ထွက်ပြေးသွားပေမယ့် အခုတော့ ဖမ်းမိထားပြီ”ဟု ဆို သည်။
သေဆုံးသူများသည် ကိုတင်ကျော်မိုး အသက် ၂၈ နှစ် ၊ မငြိမ်းငြိမ်းစိုး အသက် ၂၄ နှစ် တို့ မောင်နှမ ၂ ဦးနှင့် ကိုအောင်ပြည့်ဝင်း ၂၄ နှစ် ဆိုသူတို့ ဖြစ်ကြောင်း၊ ၎င်းတို့သည် စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ညောင်ကိုင်းရွာနှင့် တာဝရွာ တို့မှ ဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် မြန်မာ အလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားဝင် MOU ဖြင့် သွားရောက် လုပ်ကိုင်နေကြသူများ ဖြစ်ပြီး နခွန်ပထုန် ဆီစန်ဖန် အရပ်ရှိ ငါးသေတ္တာ စက်ရုံတွင် လုပ်ကိုင်နေသူများ ဖြစ်သည်။
သေဆုံးသူများ၏ ရုပ်အလောင်းများ အား ထိုင်း ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ထားရှိပြီး ယခု ရက်ပိုင်းတွင်ပင် သင်္ဂြိုဟ် မည် ဟု ကိုရဲမင်း က ပြောသည်။
၎င်းက“သူတို့က တရားဝင် လာကြတာဆိုတော့ နစ်နာကြေးတွေ ရဖို့အတွက်လည်း လုပ်ဆောင်သွားမှာပါ၊ သံရုံးကိုလည်း အကြောင်း ကြားထားပါတယ်”ဟုလည်း ပြောပြသည်။
သေဆုံးသူများသည် ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် တနှစ်ကျော် ကတည်းက ရောက်ရှိနေသူများ ဖြစ်ကြောင်း သိရသည်။