သက်ငယ်မုဒိန်း သေဒဏ်ပေးရေးပြင်ဆင်ချက် ပြည်သူလွှတ်တော် ဆွေးနွေးခြင်းမပြု
သက်ငယ်မုဒိန်းမှုကျူးလွန်သူများကို သေဒဏ်အထိချမှတ်နိုင်ရေး ဥပဒေပြင်ဆင်ချက်အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးခြင်းမပြုရန် မနေ့ကဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က မြန်မာနိုင်ငံ ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ ၃၇၆ ကို ပြင်ဆင်ရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
“ပြင်ဆင်ချက်ကို အင်္ဂလိပ်ဘာသာနဲ့ တင်သွင်းလာမှသာလျှင် စဉ်းစားမှာ ဖြစ်တယ်လို့ တရားသူကြီးချုပ်ထံက သိရပါ တယ်။ ဒါကြောင့် ကျမအနေနဲ့ ဥပဒေကျွမ်းကျင်သူတွေနဲ့ တိုင်ပင် ဆွေးနွေးပြီး ထပ်မံ အဆိုတင်သွင်းသွားမှာ ဖြစ်ပါတယ်။” ဟု ဒေါ်ခင်စောဝေက သတင်းထောက်များကို ပြောကြားခဲ့သည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးမြသိန်းက ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး)နှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေတို့ကို ပြင်ဆင်ချက်သည် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်ရန်လို အပ်ကြောင်း အဘယ်ကြောင့် ဆိုသော် မူလ ဥပဒေများက အင်္ဂလိပ် ဘာသာဖြင့် ပြဌာန်းထားခဲ့၍ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောကြားခဲ့ သည်။ သို့သော်လည်း ဒေါ်ခင်စောဝေ အဆိုတင်သွင်းလာသည့် ပုဒ်မ ၃၇၆ ကို ပြင်ဆင်ချက်က မြန်မာဘာသာနှင့် ဖြစ် နေသည့် အတွက် လွှတ်တော်က အဆိုကို လက်ခံဆွေးနွေးခြင်း မပြုရန် မဲပေးခဲ့ကြသည်။
ဒေါ်ခင်စောဝေ အဆိုပြုလာသည့် ပြင်ဆင်ချက်တွင် သက်ငယ်မုဒိန်း (အသက် ၁၆ နှစ်အောက် မိန်းကလေးကို မတရားပြု ကျင့်ခြင်း) ကို ထောင်ဒဏ် တသက်တကျွန်း (နှစ် ၂၀) သို့ မဟုတ် သေဒဏ် အထိချမှတ်ရန် ပြစ်ဒဏ်ကို တိုးမြှင့်ထားပြီး၊ အုပ်စုလိုက် မုဒိန်းမှုကျူးလွန်သူများက သေဒဏ်ကျခံရမည် ဖြစ်သည်။
လက်ရှိ ကျင့်သုံးနေသည့် ပုဒ်မ ၃၇၆ ၏ ပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်း အထိဖြစ်သည်။ သို့သော်လ ည်း သက်ငယ် မုဒိန်းမှုအတွက် သီးခြားပြစ်ဒဏ် ဖော်ပြထားခြင်း မရှိပေ။
သက်ငယ် မုဒိန်းမှု အရေအတွက် သိသိသာသာမြင့်တက်လာခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် သက်ငယ်မုဒိန်းမှုပြဿနာက အရေးတကြီး ဖြေရှင်းရမည့် ပြဿနာတခု ဖြစ်လာသည်။ အမျိုးသမီး အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ကလေး သူငယ်များအပေါ် လိင်အကြမ်းဖက်မှုကျူးလွန်သူများကို အပြင်းထန်ဆုံးသော ပြစ်ဒဏ်ချမှတ်ရန် လှုပ်ရှားမှုများ ပြုလုပ် လာကြသည်။ အချို့က သေဒဏ် အထိချမှတ်ရန် တောင်းဆိုလာခဲ့ကြသည်။
ပြီးခဲ့သည့်လ အတွင်းတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သက်ငယ်မုဒိန်းမှုများကို ခရိုင်တရားရုံးများက ကိုင်တွယ် စစ်ဆေးရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ သက်ငယ်မုဒိန်းမှု ကျူးလွန်သူများကို ဥပဒေအရ သတ်မှတ်ထားသော အမြင့် ဆုံး ပြစ်ဒဏ်များကို ချမှတ်ရန်လည်း ညွှန်ကြားခဲ့သည်။ ခရိုင် တရားရုံးများက မြို့နယ်တရားရုံးများထက် ပိုမိုပြင်းထန် သော ပြစ်ဒဏ် ချမှတ်ခွင့်ရှိသည့်အတွက် ခရိုင်တရားရုံးတွင် စစ်ဆေးစေခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့မှ ရရှိသည့် သတင်းအချက်အလက်များအရ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိန်းမှုများ၏ ၆၁ ရာခိုင်နှုန်းက သက်ငယ် မုဒိန်းမှုများ ဖြစ်နေသည်ကို တွေ့ရသည်။ ၂၀၁၅ ခုနှစ်က ၄၆ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
“မုဒိန်းမှုတွေရဲ့ တဝက်ကျော်က ကလေးငယ်တွေနဲ့ ပတ်သက်နေတာကို ကျမတို့တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာတွေကို ထိထိရောက်ရောက်တားဆီးဖို့ အတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ လိုပါတယ်။ နိုင်ငံသားတွေကို ကာကွယ်ဖို့ အတွက် တချို့ နိုင်ငံတွေမှာလည်း သေဒဏ်ကို အသုံးပြုနေပါတယ်။ မြန်မာနိုင်ငံကလည်း သေဒဏ် စနစ်ကို ဖျက်သိမ်း ထားတဲ့ နိုင်ငံ မဟုတ်ပါဘူး။ နောက်ပြီးတော့ သေဒဏ် ချမှတ်နိုင်တယ် ဆိုတဲ့ တခြားဥပဒေတွေလည်း ရှိနေပါတယ်” ဟု ဒေါ်ခင်စောဝေ ကပြောသည်။