ရခိုင်ပြည်နယ်ရှိ ဒေသခံများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ သီးသန့်ရန်ပုံငွေမှ ကျပ် သန်း ၃၆၅၆ ဒသမ ၈၂၀ သန်း သုံးစွဲခွင့်ရရှိရန် အစိုးရက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြတောင်းခံလိုက်သည်။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် အစိုးရအဖွဲ့၏ သီးသန့်ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံ ရှိသည့်အနက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလကုန်အထိ ခွင့်ပြုပြီးပမာဏ ကျပ် ၅၅ ဒသမ ၉၇ ဘီလီယံ ရှိကြောင်းနှင့် ကျပ် ၄၄ ဒသမ ၀၃၀ ကျန်ရှိနေသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့လွှတ်တော်တွင် ပြောသည်။
ရခိုင်ပြည်နယ် လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၆ မြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားလုပ်ငန်း ၁၈ ခု တည်ဆောက်နိုင်ရန် အစိုးရအဖွဲ့၏ သီးသန့်ရန်ပုံငွေမှ တောင်ခံခြင်း ဖြစ်သည်ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
“မြို့နယ် ၁၆ မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေး လမ်းတံတားလုပ်ငန်း ၁၈ ခု ဆောင်ရွက်နိုင်ရေး သီးသန့်ရန်ပုံငွေကနေ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ သီးသန့်ရန်ပုံငွေဆိုတာက ပြည်ထောင်စုရဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းမှာ မမျှော်လင့်သော ကိစ္စရပ်များနှင့် အရေးပေါ် ကိစ္စရပ်များအတွက် သုံးစွဲနိုင်ရန် သီးသန့် လျာထားပေးတဲ့ အသုံးစရိတ်တရပ် ဖြစ်တယ်” ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။
သမ္မတဦးထင်ကျော်ထံမှ ပေးပို့ထားသော ရခိုင်ပြည်နယ် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၃၆၅၆ ဒသမ ၈၂၀ ကို ခွဲဝေသုံးစွဲမည့်ကိစ္စနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော် တို့က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းပြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဒုဝန်ကြီးဦးလှကျော်က ရခိုင်ပြည်နယ်သို့ သီးသန့်ရန်ပုံငွေ ချထားပေးရန်ကိစ္စသည် ရခိုင်ပြည်နယ် တခုတည်း အတွက်သာမက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက်ပါ အရေးပါသည့် ကိစ္စဖြစ်သောကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှု ဗဟိုကော်မတီအနေဖြင့် အထူးကိစ္စတရပ်အဖြစ် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
“ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရန်ဖြစ်တဲ့ ရခိုင်ပြည်နယ် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်တဲ့ လမ်းတံတား ၁၈ ခု အတွက် လိုအပ်သောငွေအား သီးသန့်ရန်ပုံငွေမှ ကျခံအသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်” ဟု ဒုဝန်ကြီးဦးလှကျော်က ဆိုသည်။
ဖွံ့ဖြိုးမှု နောက်အကျဆုံး ပြည်နယ်တခုဖြစ်သည့် ရခိုင်ပြည်နယ်ကို ပြည်ထောင်စု ရန်ပုံငွေမှ ခွဲဝေပေးခြင်းကို ကျေးဇူးတင်သော်လည်း ပြည်နယ်အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ယခုငွေပမာဏနှင့် မလုံလောက်သေးကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေး ကော်မတီက ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘတ်ဂျက်ကို သီးသန့်ချထားပေးနိုင်ရင် ပိုကောင်းမယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အောက်မှာရှိတဲ့ ဝန်ကြီးဌာနကနေ ဘတ်ဂျက်သီးသန့်ဆွဲပြီး ဆောင်ရွက်တာမျိုးဆိုရင် ပိုထိရောက် နိုင်တယ်။ တော်ရုံတန်ရုံလောက်နဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးဖို့က မလွယ်ဘူး” ဟု ဦးဖေသန်းက ပြောသည်။
ထိုု့အပြင် ရခိုင်ပြည်နယ်အစိုးရက ပြည်နယ်အတွက် ဘီလီယံ ၂၀၀ ကျော် တင်ပြခဲ့သော်လည်း ၁၄၂ ဘီလီယံသာ ရရှိခဲ့ခြင်းသည် ယခင်အစိုုးရ လက်ထက်နှင့်ယှဉ်ပါက ဘတ်ဂျက်ရရှိမှု ထိုးကျသွားခဲ့ကြောင်း၊
နှင့် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခပြဿနာမျိုးစုံက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ANP က ပြောသည်။
“ရခိုင်ပြည်နယ်က သယံဇာတတွေ ထွက်တယ်။ ဂက်စ်တွေ အများကြီးထွက်ပြီး ဆင်းရဲနေတာဟာ နိုင်ငံရေး ပရောဂတွေ အများကြီး ရှိခဲ့တယ်။ ဒါကြောင့် ရခိုင်ပြည်သူတွေက သယံဇာတ အကျိုးအမြတ်ကို မျှဝေခံစားဖို့ တောင်းဆိုနေကြတာ။ ပြီးတော့ ရခိုင်တွေမှာ ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ဘူး။ ပဋိပက္ခတွေ ဖြေရှင်းနေရတာနဲ့တင် အချိန်တွေ ကုန်နေရတယ်” ဟု ဦးဖေသန်းက ဆက်ပြောသည်။
ယခု သီးသန့်ရန်ပုံငွေ လွှဲပြောင်းကျခံ သုံးစွဲခြင်းနဲ့ စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် ပြည်ထောင်စုရဲ့ ရသုံးဆိုင်ရာ ဥပဒေအပိုင်း ၄ သီးသန့် ရန်ပုံငွေပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် ၁ တွင် ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များအတွက် အသုံးစရိတ်ဟု လည်းကောင်း၊ ပုဒ်မ ၂၇ ပုဒ်မခွဲ (ခ) တွင် သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အရသာ ခွင့်ပြုရမည်ဟု လည်းကောင်း ပြဌာန်းထားသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် သီးသန့်ရန်ပုံငွေ တောင်းခံခြင်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးလိုသူများကို စာရင်းပေးရန် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်းသန်းက ပြောဆိုသည်။