မြန်မာလမ်းစီမံကိန်းအတွက် ထိုင်းက ဘတ်ငွေ ၁.၈ ဘီလျံလျာထား
ထိုင်းအစိုးရသည် မြန်မာနိုင်ငံဘက်ရှိ နှစ်နိုင်ငံဆက်သွယ်သောလမ်းကို အကူအညီပေးရန် ဘတ်ငွေ ၁.၈ ဘီလျံ ( အမေရိကန် ဒေါ်လာ ၅.၃သန်း) ဘဏ္ဍာငွေခွဲဝေချထားပေးပြီး ရန်ကုန်မဲဆောက်ကုန်သွယ်ရေးအချိတ်အဆက် အဆင့်မြှင့်တင်ရေးတွက် အရှိန်မြှင့်လုပ်ဆောင်လိုက်သည်။
သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်စေရန် မြန်မာနိုင်ငံတောင်ပိုင်း အိန္ဒုနှင့်သထုံကြားရှိ ၆၈ ကီလိုမီတာရှည်လျားသော လမ်းပိုင်းကို ပြုပြင်ရန် စီမံကိန်းကို အစိုးရထောက်ခံသည်ဟု ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီး အာခွန်တမ်ပစ်တာရာပိုင် ဆစ် Arkhom Termpittayapaisith က ယမန်နေ့က ပြောသည်။
ခရီးသွားလာရေးအဆင်ပြေစေရန်အတွက် အခြားလုပ်ငန်းများအပြင် ကားလမ်းကိုလည်း ချဲ့ထွင်မည်ဟု ၎င်းက ပြော သည်။ ပြီးစီးသွားပါက ထိုင်းနိုင်ငံမဲဆောက်နှင့် မြန်မာနိုင်ငံရန်ကုန်မြို့တို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်ဟုလည်း သူက ပြောသည်။
မဲဆောက်သည် မြန်မာနိုင်ငံအနီး ထိုင်းနိုင်ငံအနောက်ပိုင်းတက်ခရိုင်မှ ဝေးလံသောဒေသတခုဖြစ်ပြီး ထိုဒေသသည် ထိုင်း အစိုးရက SEZ ခေါ် အထူးစီးပွားရေးဇုန်များ တည်ထောင်ကာ ဖွံ့ဖြိုးအောင် လုပ်ဆောင်လိုသော နယ်စပ်ဒေသ ၁၀ ခုတွင် ပါဝင်သည်။
ထိုဒေသများတွင် စက်မှုဇုန်များထူထောင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်ဖော်ထုတ်ရန် အိမ်နီးချင်းနိုင်ငံများသို့ ကုန် စည်တင်ပို့ရန် အာဏာပိုင်များက ရည်ရွယ်ထားသည်။
မဲဆောက်သည် အဓိကနယ်စပ်ဒေသဖြစ်ပြီး ရန်ကုန်သည် တနိုင်ငံလုံးသို့ ကုန်စည်ဖြန့်ချိရာ မြန်မာနိုင်ငံ၏အဓိကစီးပွားရေး အချက်အချာဖြစ်သည်ဟု Arkhom ကပြောပြီး နှစ်မြို့ကြား သယ်ယူပို့ဆောင်ရေး မြှင့်တင်ရန် လိုကြောင်း အလေးအနက် ပြောသည်။
ရန်ကုန်မဲဆောက်ကုန်သွယ်ရေး အချိတ်အဆက်မှာ ကျယ်ကျယ်ပြန့်ပြန့်ကြည့်ပါက မြန်မာနိုင်ငံမှတဆင့် အိန္ဒိယ၊ ဗီယက် နမ်၊ ထိုင်း၊ လာအိုတို့အထိ ကျယ်ပြန့်သော ရည်မှန်းချက်ကြီးမားလှသော အရှေ့အနောက် စီးပွားရေးစင်္ကြန် East-West Economic Corridor (EWEC) စီမံကိန်းအစိတ်အပိုင်းလည်း ဖြစ်သည်ဟု သူ ပြောသည်။
ရန်ကုန်နှင်မဲဆောက်အကြား အခြားလမ်းပိုင်းများကို အဆင့်မြှင့်တင်ပြီး သို့မဟုတ် အဆင့်မြှင့်တင်နေဆဲဖြစ်သည်။ ထို လမ်း ပိုင်းများတွင် မြဝတီလမ်းပိုင်းလည်း ပါဝင်ပြီး ယခင်နှစ်က ဘတ်ငွေ ၁.၃ဘီလီယံ ဘဏ္ဍာငွေခွဲဝေမှုဖြင့် အဆင့်မြှင့်တင်ခဲ့ပြီး ဖြစ်သည်။
ကော့ကရိတ်နှင့် အိန္ဒုအကြား ၆၇ ကီလိုမီတာရှည်သောလမ်းပိုင်းအဆင့်မြှင့်တင်ရေးမှာလည်း မြန်မာနိုင်ငံက အာရှဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေရယူပြီးနောက် အရှိန်အဟုန်ရနေပြီဖြစ်သည်ဟု ထိုဝန်ကြီး၏အဆိုအရ သိရသည်။
ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် လာမည့် ၂ရက်တွင် မြန်မာနိုင် ငံသို့ သွားရောက်မည်ဟုလည်း Arkhom က ပြောသည်။
အခြေခံ အဆောက်အအုံအပြင် ထိုင်းအစိုးရသည် မြန်မာနှင့်မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးစာချုပ် Greater Mekong Subregion Cross-Border Transport Agreement အရ နားလည်မှုစာချွန်လွှာတခု လက်မှတ်ရေး ထိုးရေးအတွက် ပြင်ဆင်ရန်လည်း သဘောတူထားသည်။ ထိုနားလည်မှု စာချွန်လွှာကို ဒီဇင်ဘာလတွင် လက်မှတ်ထိုး မည်ဟု မျှော်လင့်ရသည်။