သတင်း

ပင်လုံ ပြည်ထောင်စုနေ့ တက်ခွင့်ပြုရန် မွတ်ဆလင်ပါတီ တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပရန် ရှိနေသည့် ပြည်ထောင်စုနေ့ အခန်းအနားသို့ တက်ရောက်ခွင့်ပြုရန် မွတ်ဆလင် နိုင်ငံရေးပါတီတခုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရထံ တောင်းဆိုထား ကြောင်းသိရသည်။

ရန်ကုန် အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီ ဥက္ကဌ ဦးကျော်မင်းက ကျင်းပရန် ရှိနေသည့် ငြိမ်းချမ်းရေး ကွန် ဖရင့်သို့ သူတို့ပါတီမှ အဖွဲ့ဝင်များ တက်ရောက်ခွင့် ပြုရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဇန်နဝါရီလ ၂၅ ရက်နေ့က စာရေးသားတောင်းဆိုခဲ့ကြောင်းပြောသည်။

“တကယ်လို့ ကျနော်တို့ ကွန်ဖရင့်တက်ရောက်ခွင့် ရမယ်ဆိုရင် ပြီးတော့ ကျနော်တို့ရဲ့ ပဋိပက္ခ အကြောင်းဆွေးနွေးခွင့် ရမယ်ဆိုရင် ကျနော်တို့ အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ လေ့လာလို့ ရနိုင်ပါလိမ့်မယ်။ အဲဒါက ရခိုင်ဒေသ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အတွက် အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်” ဟု ဦးကျော်မင်းကပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများကို လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်လာသည့် အချိန်တွင် ပိုမိုပြင်းထန်လာခဲ့သော မတည်ငြိမ်မှုများကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ် ခေါ်နေကြသော မွတ်ဆလင် ၆၅၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားေးဒ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

“ကျနော်တို့ အနေနဲ့ ဒီအစည်းအဝေးကို တက်ရောက်ခွင့် ရသင့်ပါတယ်။ ဒါမှလည်း အားလုံးပါဝင်တယ်လို့ ကျနော်တို့ ပြော နိုက်ပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေး ကွန်ဖရင့်မှာ ပါဝင်ဖို့ အခွင့်အရေး ရှိသင့်ပါတယ်” ဟု ဦးကျော်မင်း က ပြောသည်။

ပင်လုံမြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုနေ့ အခန်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ အခြား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြမည် ဖြစ်သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်ကြားချက် မရရှိခဲ့လျှင် သူ၏ ပါတီအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်တော့မည် မဟုတ်ကြောင်း ဦးကျော်မင်းက ပြောသည်။

နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် ယခုလ အတွင်းတွင် ဒုတိယ ပင်လုံညီလာခံပြုလုပ်ရန်ရှိပြီး ထိုသို့ ပြုလုပ်ရန် အတွက် အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တိုင်းနှင့် ပြည်နယ်များပြုလုပ်နေပါသည်။ ထိုနည်းတူစွာ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင်လည်း ဗုဒ္ဓဘာသာဝင် ရခိုင်များနှင့် မွတ်ဆလင်များကြားတွင်မှ ဒေသတွင်း ပဋိပက္ခကို ဖြေရှင်းရန် အတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်သင့်သည်ဟု သူက ထပ်ပြောသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီသည် မူလက လူ့အခွင့်အရေး အတွက် အမျိုးသား ဒီမိုကရက် တစ်ပါတီ(National Democratic Party for Human Rights) အမည်ဖြင့် ၁၉၈၉ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက် ပွဲတွင် ကိုယ်စားလှယ်နေရာ ၄ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က အ တည် မပြုခဲ့ပါ။ နောက်ပိုင်းတွင် ပါတီကိုလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ပြန်လည်မှတ်ပုံတင်သည့် အချိန်အထိ တားမြစ် ပိတ်ပင်ထားခြင်းခံခဲ့ရသည်။

သို့သော်လည်း ရိုဟင်ဂျာကို အသိအမှတ်ပြုခြင်း မရှိသည့် အတွက် ပါတီက ကိုယ်စားလှယ် လောင်း ၁၈ ဦး အမည်တင်သွင်းခဲ့ရာတွင် ၃ ဦးသာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါသည်။ ယှဉ်ပြိုင်ခဲ့ရာတွင် လည်း ကိုယ်စားပြုသည့် မဲဆန္ဒနယ်မြေ အသီးသီးတွင် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီ မှ ကိုယ်စားလှယ်လောင်း တဦးမျှ အနိုင်မရရှိခဲ့ပါ။

Loading