သတင်း

အစိုးရနှင့် ပါတီအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်နေခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ငြိမ်းချမ်းရေး ရရှိရန် ကြိုးစားနေခြင်းသည် အစိုးရနှင့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ အတွက် ကြိုးစားနေခြင်း မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်းပြောဆိုုခြင်း ဖြစ်သည်။

“ကျမတို့လုပ်နေတာဟာ တစုတဖွဲ့အတွက် လုပ်နေတာ မဟုတ်ပါဘူး။ ဒီမှာ အစုအဖွဲ့တွေ အများကြီးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ရောက်နေပါတယ်။ ကျမက ဒီမှာလုပ်နေတာ ကျမက NLD အတွက် လည်း လုပ်နေတာ မဟုတ်ဘူး။ အစိုးရ အတွက်လည်း လုပ်နေတာ မဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

၎င်းအနေဖြင့် ပြည်သူများအတွက် ပြည်ထောင်စုကြီးတခု ပေါ်ထွန်းလာရန် လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကလည်း ယင်းစေတနာမျိုး နှလုံးသွင်းကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့ဘက်မှ ဘာလုပ်ပေးနိုင်မည်ကို စဉ်းစားကြပါဟု ထပ်မံတိုက်တွန်းလိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးသည် ခွဲခြား၍ မရကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုသည်မှာ လက်နက်ကိုင်ပြီး တိုက်ခဲ့သည့် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး လုပ်ရုံတင် မဟုတ်ဘဲ ထိုုထက် ပို၍ ကျယ်ပြန့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမတို့ နိုင်ငံ တနိုင်ငံလုံးမှာ ပြန်လည်ပြီးတော့ သင့်မြတ်ရေးဆိုတာဟာ မတူကွဲပြားတဲ့ သဘော ထားတွေ ကို သင့်မြတ်စေဖို့။ မတူကွဲပြားတဲ့ သဘောထားတွေဆိုတာဟာ လက်နက်ကိုင် အဖွဲ့ အစည်းများနဲ့ အစိုးရ ကြားမှာသာ ပြဿနာရှိတာ မဟုတ်ပါဘူး။ မတူကွဲပြားတဲ့ သဘောထားတွေဆိုတာ ကျမတို့  နိုင်ငံတဝှမ်းမှာ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံရေးအရ မတူကွဲပြားသည့် သဘောထားများ၊ တိုင်းရင်းသားများ အရေးအရ မတူကွဲပြားသည့် သဘော ထားများ၊ ဘာသာရေးအရ မတူကွဲပြားသည့် သဘောထားများ၊ လူမှုရေးအရ မတူကွဲပြားသည့် သဘော ထားများကို ဒီမိုကရေစီကို ယုံကြည်လက်ခံပါက စားပွဲဝိုင်းတွင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း UPDJC ဥက္ကဌက ပြောသည်။

“ကျမတို့ အနေနဲ့ ဒီလိုပြောရခြင်းဟာ စကားသပ်သပ်အရ ပြောတာမဟုတ်ပါဘူး။ အလုပ်နဲ့ သက်သေ ထူခဲ့ပြီး ပါပြီ။ နှစ် ၃၀ နီးပါး ဒီမိုကရေစီအတွက် လှုပ်ရှားခဲ့တဲ့ အချိန်အခါမှာ ကျမတို့ ဆွေးနွေး တိုင်ပင်ပြီးတော့ အချင်း ချင်းကြားမှာ မတူကွဲပြားတဲ့ သဘောထားတွေကနေ ထွက်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျမတို့ ရပ်တည်ခဲ့တာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်ထောင်စုကြီးအတွက် ငြိမ်းချမ်းရေး လိုချင်သည်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ စိတ်လုံခြုံဖို့အတွက် ဖြစ်ကြောင်း၊ စိတ်လုံခြုံမှု မရှိဘဲ ငြိမ်းချမ်းရေး မရသဖြင့် စစ်မှန်သည့် လုံခြုံမှုဆိုသည် မိမိ ဘဝအတွက် မလိုအပ်သည့် စိုးရိမ်ပူပန်မှုများမှ ကင်းဝေးနိုင်ရန် ဖြစ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။

“လူတိုင်းလူတိုင်းကတော့ စိုးရိမ်ပူပန်မှုတွေရှိမှာပဲ။ ဒါဟာ အစိုးရ တခုအနေနဲ့ ဖယ်ရှားပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမိုကရေစီစနစ်အောက်မှာ ဆိုလို့ရှိရင်တော့ အစိုးရဟာ တက်နိုင်သမျှ အခြေခံအားဖြင့် ပြည်သူများရဲ့ စိတ်လုံခြုံမှုကို ပေးရပါမယ်”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ယနေ့ ကျင်းပသည့် UPDJC အစည်းအဝေး စသည့်အချိန်နှင့် ပြီးသည့်အချိန်တိုု့ကြားတွင် ငြိမ်းချမ်းရေး တိုးတက်မှု ရှိရန် လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမတို့က ငြိမ်းချမ်းရေးအတွက် တိုးတက်မှုဖြစ်စေမယ့် ခြေလှမ်းတချို့ကို တိတိကျကျ ပြတ်ပြတ်သားသား လှမ်းဖို့ ဆုံးဖြတ်ချက်တွေ ချပြီဆိုတဲ့ အဆင့်မျိုးကို ဖြစ်စေချင်ပါတယ်။ အားလုံးကိုလည်း ဒီအတိုင်းပဲ ဒီလိုစိတ်ဓာတ်နဲ့ ဒီအစည်းအဝေးကို ဝိုင်းပြီးတော့ ပံ့ပိုးပေးကြမယ်လို့ ကျမက မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

Loading