ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လူဦးရေ ၇၀၀ ဖြင့် နေပြည်တော်၌ ကျင်းပရန် ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးက သဘောတူလိုက်ကြောင်း သတင်းရရှိသည်။
“၂၁ ရာစု ပင်လုံကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပနိုင်ဖိုု့ သဘောတူတယ်။ ညီလာခံ ကိုယ်စားလှယ်ကို နိုင်ငံရေး ဆွေးနွေးမှု မူဘောင်မှာ ပါတဲ့အတိုင်းပဲ လူ ၇၀၀ နဲ့ ကျင်းပဖို့ သဘောတူတယ်”ဟု သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက မီဒီယာများသို့ ပြောသည်။
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်မီ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ ပြည်ထောင်စု စိတ်ဓာတ် အခြေခံဖြင့် လက်မှတ်ရေးထိုး၍ ညီလာခံတွင် ပါဝင်လာနိုင်ရေး ကိုု ကြိုးစားသွားရန် UPDJC က သဘောတူခဲ့ကြောင်းလည်း သိရသည်။
ဇန်နဝါရီလထဲတွင် ကရင်ပြည်နယ်၌ ကျင်းပခဲ့သည့် အမျိုးသားအဆင့် လူမျိုးအလိုက် နိုင်ငံရေး ဆွေးနွေးပွဲမှ ရရှိလာသည့် ခေါင်းစဉ်ကြီး ၄ ခု၊ တနင်္သာရီတိုင်းတွင် ဆွေးနွေးခဲ့သည့် ဒေသအလိုက် ခေါင်းစဉ်ကြီး ၄ ခု တို့ ကို UPDJC အတွင်းရေးမှူး အဖွဲ့တွင် ညှိနှိုင်း၍ ညီလာခံသို့ တင်ပြမည်ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။
ဦးလှမောင်ရွှေက “အခု ထပ်ပြီးကျင်းပနိင်မယ့် အဆင်သင့်ဖြစ်တဲ့ နေရာတွေကို ဒီနေ့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကတော့ လူမျိုး အလိုက် ပအိုဝ့်အတွက်ကို ဆုံးဖြတ်တာရှိတယ်။ ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်တဲ့ ရှမ်းပြည်နယ် ဟိုပုန်းမြို့မှာ ကျင်းပမှာ ဖြစ်တယ်”ဟု ပြောသည်။
ဆက်လက် ဆောင်ရွက်ရမည့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ၂ ခု၊ CSO ဖိုရမ် ၁ ခုဖြင့် စုစုပေါင်း ၃ ခုနှင့် ပအိုဝ့်ဒေသတွင် ပြလုပ်မည့် ဆွေးနွေးပွဲ ၁ ခု ရှိရာ အားလုံး ၄ ခု ကို ညီလာခံ မတိုင်မီ ပြုလုပ်ရန် ရှိကြောင်းလည်း သိရသည်။
“အဲဒီမှာ ပါလာတဲ့ Paper တွေ အားလုံးကို ကျနော်တို့ အတွင်းရေးမှူး အဖွဲ့ဆီကို ရောက်ပါမယ်။ အတွင်း ရေးမှူး အဖွဲ့က ဒါတွေ စုစည်းပြီးရင် ခေါင်းစဉ် ၅ ခုပါ လုပ်ငန်းကော်မတီ ၅ ရပ် ရှိပါတယ်။ သက်ဆိုင်ရာ လုပ် ငန်း အလိုက် ခွဲပေးပါမယ်။ သူတို့အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တင်ဖို့အတွက် အဲဒီမှာ ညှိနှိုင်းကြရပါမယ်”ဟု ဦးလှမောင်ရွှေက ပြောသည်။
၎င်းက ဆက်၍ “သူတို့က ခေါင်းစဉ်အလိုက် အများဆုံး အဆိုပြုထားတဲ့ အချက် ၃ ခုဆီကို အတွင်းရေးမှူး အဖွဲ့ကို ပြန်တင်ရပါမယ်။ ဒီအချက်တွေကို ညီလာခံကိုတင်ပြဖို့ ဆိုပြီး နောက်တကြိမ် UPJDC အစည်းအဝေး ခေါ်ရပါမယ်။ ဒါပြီးရင်တော့ ၂၁ ပင်လုံရဲ့ ဒုတိယအစည်းအဝေးကို ကျင်းပပါလိမ့်မယ်။ အဲဒီမှာ ဆုံးဖြတ်ချက် တွေ ထွက်လာမယ့် အနေအထား ရှိပါတယ်”ဟု ပြောသည်။
ကရင် အမျိုးသား အစည်းအရုံုး (KNU) အနေဖြင့် နိုင်ငံရေး စားပွဲဝိုင်းသို့ ရောက်ရှိလာသည့် ၃ နှစ်ကျော် ကာလအတွင်း ငြိမ်းချမ်းရေးအရ တိုးတက်မှုများ ရှိခဲ့ကြောင်း၊ ကရင် တမျိုးသားလုံး၏ လိုလားမှု၊ ကရင် အမျိုးသား၏ ရပိုင်ခွင့်တို့ကို တင်ပြခွင့်ရရှိနေပြီ ဖြစ်ကြောင်း KNU ဗဟို အလုုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။
ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဌ ခွန်မြင့်ထွန်းကလည်း NCA လက်မှတ် မထိုးရ သေးသည့် အဖွဲ့များအတွက် အထူးဖိတ်ကြားသူ၊ လေ့လာသူ သိုု့မဟုတ် ကိုယ်စားလှယ် အနေဖြင့် ညီလာခံ သို့ တက်ရောက်နိုင်ရန် UPDJC တွင် ဆွေးနွေးမှုများ ရှိသော်လည်း ဆုံးဖြတ်ချက် မကျသေးကြောင်း ပြောသည်။
“ညီလာခံ မကျင်းပမီ ကြားကာလမှာ လက်မှတ်ထိုးပြီး ပါဝင် လာနိုင်တယ်ဆိုတဲ့ သဘောထားမျိုး ရှိတဲ့ အတွက် ဒီကိစ္စကိုတော့ အရှင်လုပ်ထားပါတယ်။ ညီနောင် အဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောထား ဆုံးဖြတ်ချက်တခုတော့ ရပါတယ်” ဟု PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။