၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဦးကိုကိုကြီးက တက္ကသိုလ် ပြန်တက်ခွင့်ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားသော်လည်း ဖေဖော်ဝါရီ ၃ ရက်အထိ တရားဝင် အကြောင်းကြားစာ မရရှိသေးကြောင်း ပြောသည်။
ဦးကိုကိုကြီးက “ IR က အဝေးသင်လည်း မရှိဘူး။ ဒါလေးကိုပြီးအောင် တက်လိုက်ချင်တယ်၊ ၂၀၀၅ မှာ ပြန်လွတ်လာတော့ ကျောင်းပြန်တက်ဖို့ ကြိုးစားသေးတယ်။ မရခဲ့ဘူး၊။ စစ်အစိုးရလက်ထက်မှာတောင် ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ကျောင်းပြန်တက်ခွင့် ရခဲ့တယ်။ အခုပြည်သူ့အစိုးရ လက်ထက်မှာ နိုင်ငံရေးကြောင့် ထိခိုက်နစ်နာ ခဲ့တာတွေကို အထူးအလေးထားပြီး စဉ်းစားပေးသင့်တယ်” ဟု ဧရာဝတီကို ပြောသည်။
၁၉၈၈ အရေးတော်ပုံ ဖြစ်ပွားချိန်က ဦးကိုကိုကြီးသည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာ (IR) ဌာနတွင် စတုတ္ထနှစ်ပညာတန်း တက်ရောက်သင်ယူနေပြီး ၈၈ အရေးတော်ပုံနောက်ပိုင်း ကျောင်းများ၊ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ချိန် ၁၉၉၁ ခုနှစ် ဇူလိုင်လတွင် IR ဌာနသို့ ယာယီကျောင်းနှုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တွင် အခြားဘာသာရပ်များနှင့် IR ဘာသာရပ် သင်တန်းများကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ် ပို့ချနေပြီဖြစ်ပြီး၊ ဦးကိုကိုကြီးက IR စတုတ္တနှစ် ပညာတန်း ပြန်လည်တက်ခွင့်ရရန် လွန်ခဲ့သည့် ၅ လခန့် ကတည်းက ပညာရေးဝန်ကြီးဌာနကို တင်ပြလျှောက်ထားရာ ဌာနက နှုတ်ဖြင့်သာ ပြန်လည်ပြောဆိုမှု ရှိသေးကြောင်း ဦးကိုကိုကြီးက ဆိုသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် နစ်နာဆုံးရှုံးခဲ့သူများအပေါ် လူ့အဖွဲ့အစည်းအနေဖြင့် ပြန်လည်အသိအမှတ်ပြု ကုစားကြရမည် ဖြစ်ကြောင်းနှင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး နယ်ပယ်အသီးသီးတွင် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ရပ်တည်နိုင်ရေးအတွက် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ဦးကိုကိုကြီးက ဆက်ပြောသည်။
၈၈ မျိုးဆက် ဦးကိုကိုကြီး IR ဌာန၌ ပညာဆက်လက်သင်ယူခွင့် လျှောက်ထားမှုနှင့် ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်၊ IR ဌာနမှ ကထိက ဒေါက်တာသန်းလွင်ဦးက “ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနားခဲ့တဲ့သူတွေကို ပြန်လက်ခံနေတာ ရှိပါတယ်။ ဦးကိုကိုကြီးတို့လိုသူတွေ ကျောင်းပြန်တက်မယ်ဆို ကျနော်တို့က ကြိုဆိုနေတာပါပဲ။ လက်ရှိ ကျနော်သိရသလောက်တော့ တရားဝင်စာတင်ထားတော့ မတွေ့ဘူး။ ပြန်တက်ဖို့ တစုံတရာအခက်အခဲ ရှိနေတယ်ဆိုလည်း ကျနော်တို့နဲ့ ဆက်သွယ်ပါ။ ကူညီဆောင်ရွက်ပေးမှာပါ ” ဟု ပြောသည်။
ဒီမိုကရေစီ အစိုးရတရပ် အနေဖြင့် စစ်အစိုးရလက်ထက်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် နိုင်ငံသားများ ပြည်တွင်း၌ ပြန်လည်အခြေချနေနိုင်ရေးအတွက် အထူးအလေးထား လုပ်ဆောင်ပေးရန် လိုအပ်နေပြီး န.ဝ.တ အစိုးရလက်ထက် ၁၉၉၃ ခုနှစ်ကပင် ပြည်ပနိုင်ငံသား ခံယူထားပြီးသူများကို ပြည်တွင်း၌ ပြန်လည်အခြေချ နေထိုင်နိုင်ရန် လျှောက်ထားခွင့်ပြုသည့် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်၌ လူမှုရေး၊ စီးပွားရေးအရ လိုအပ်ချက်များကို ထောက်ထား၍ ပြည်ပနိုင်ငံသားအဖြစ် စွန့်လွတ်၍ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူပြီး ပြန်လည်အခြေချ နေထိုင်လိုပါက အကျိုးအကြောင်း ပြည့်စုံစွာဖော်ပြ၍ သက်ဆိုင်ရာ မြန်မာသံရုံး/ကောင်စစ်ဝန်ချုပ်ရုံးမှ ဖြစ်စေ၊ နီးစပ်ရာ မြန်မာသံရုံး/ကောင်းစစ်ဝန်ရုံးချုပ်မှဖြစ်စေ လျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။