ရွေးချယ်ထားသည့် ကိုယ်စားလှယ်အား မဲဆန္ဒရှင်ပြည်သူက ကြိုက်နှစ်သက်ခြင်း မရှိပါက ပြန်လည်ဖြုတ်ချနိုင်သော အခွင့်အရေးရှိသည့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေအား ပြဌာန်းပေးရန် အစီအစဉ် ရှိမရှိမေးခွန်းကို ယနေ့နေပြည်တော်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထိုမေးခွန်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အဖွဲ့ဝင် ဦးအောင်မြင့်က “ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာလွှတ်တော်များနှင့် ပူးပေါင်း၍ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လွှတ်တော်မှ ပြဌာန်းပြီးပါက ၎င်းဥပဒေနှင့် အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်ဆောင်ရွက်သွားမည်” ဟု ပြောသည်။
ဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ပြုစုတင်ပြခဲ့သည့် ဦးစားပေး ပြဌာန်းရမည့် ဥပဒေ ၄၈ ခုတွင် ယခုဥပဒေ ပါဝင်ခြင်း မရှိသည်ကို သိရသဖြင့် ယခုမေးခွန်းကို မေးမြန်းရခြင်းဖြစ်ကြောင်း ဦးသောင်းအေးက ပြည်သူ့လွှတ်တော်တွင် ပြောဆိုသည်။
UEC က သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်ကာလအတွင်း ဆွေးနွေးထားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လေ့လာပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တတ်နိုင်သရွေ့ ပြည့်ပြည့်စုံစုံ ဖြစ်စေရန် ထိုဥပဒေကြမ်းကို ရေးဆွဲထားပြီးဖြစ်ကြောင်း ဦးအောင်မြင့်က ဆက်လက်ပြောဆိုသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့စဉ်က မဲဆန္ဒရှင်ပြည်သူများ၏ ၁ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ UEC သို့ တင်သွင်းရမည်ဆိုသည့် ပြဌာန်းချက်ကို ၁ ရာခိုင်နှုန်းအစား ၈ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းနှင့် မဲဆန္ဒရှင် ပြည်သူများ၏ ၃ ပုံ ၁ ပုံ ရှိမှသာ ပြန်လည် ရုပ်သိမ်းသင့်သည်ဟု ဆွေးနွေးခဲ့ကြပြီးနောက် သဘောတူညီမှု မရခဲ့ဘဲ ဆိုင်းငံ့ခဲ့ရသည့် ဥပဒေကြမ်းတခု ဖြစ်သည်။