သတင်း

ကျောက်မဲတွင် SSPP/SSA နှင့် TNLA တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ကြား ဖေဖော်ဝါရီလ ၅ ရက်က တိုက်ပွဲ ၂ကြိမ်ခန့် ဖြစ်ပွားသည်ဟု သတင်းရရှိသည်။

TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က “၁၂နာရီခွဲလောက်မှာ တကြိမ်၊ ညနေ ၄နာရီ လောက်မှာ တကြိမ် ဖြစ်တယ်”ဟု ဧရာဝတီကို ပြောသည်။

ကျောက်မဲမြို့နယ် နားခါးကျေးရွာအနီးရှိ တောင်ထိပ်တွင် TNLA ၏ အခြေစိုက်စခန်းများ ရှိပြီး တောင် ပတ်ဝန်းကျင်တွင် ကာမိုင်းများ ထောင်ထားကြောင်း၊ SSPP မှ TNLA စခန်းများကို ဖြတ်သန်းပြီး ခရီးသွား လာလိုကြောင်း ပြောဆိုခဲ့ရာ TNLA က တပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့နှင့် တိုက်ပွဲများ ရှိသဖြင့် ဖြတ်သန်းခွင့် မပေးခဲ့ ဘဲ ဖြတ်သန်းလာသဖြင့် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် ဖေဖော်ဝါရီလ ၅ ရက်က SSPP ဘက်မှ မြို့နယ်မှူးနှင့် TNLA မှ တပ်စခန်းမှူးတို့က SSPP သွားမည့် လမ်းကြောင်းကို ညှိနှိုင်းခဲ့ကြောင်း၊ TNLA က မလာရန် ပြောဆိုခဲ့သော်လည်း SSPP ဘက်မှ ဗဟိုက ဖြတ်သန်း ရန် ပြောဆိုသည်ဟု ဆိုကာ ပြန်သွားကြောင်း သိရသည်။

ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က “တက်လို့ မရဘူးပြောတာကို သူတို့ဗဟိုက တက်ခိုင်းတယ်ဆိုပြီး ၁၂ နာရီခွဲလောက် ရောက်တော့ ကျနော်တို့ ရှေ့တန်းစခန်းက မိုင်း ၂လုံး ၃လုံးဆက်တိုက် ကွဲတယ်။ ကွဲပြီး သူတို့က RPG တွေနဲ့ ကျနော် တို့ ရှိတဲ့ဘက် ပစ်တော့ အပြန်အလှန် ပစ်ကြခတ်ကြတာပါ”ဟု ပြောသည်။

TNLA မှ တိုက်ပွဲစတင်ဖြစ်ပွားစဉ်က RCSS ဟု ထင်မှတ်ကာပစ်ခတ်ခဲ့ပြီး SSPP တပ်ဖွဲ့များ ဖြစ်နေသဖြင့် နှစ်ဖက် ညှိနှိုင်း ကာ အပစ်အခတ် ရပ်တန့်ခဲ့သည်ဟု သိရသည်။

သို့သော် ညနေ ၄ နာရီဝန်းကျင်တွင် SSPP တပ်ဖွဲ့ဝင်များက တောင်ကုန်းပေါ်သို့ ထပ်မံတက်လာသဖြင့် ဒုတိယအကြိမ် တိုက်ပွဲ ထပ်မံဖြစ်ပွားကြောင်း ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

ဧရာဝတီမှ SSPP ၏ ပြောရေးဆိုခွင့်ရှိသူများကို သတင်းမေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။

သို့သော် SSPP မှ ဗိုလ်မှူးစိုင်းဆုက TNLA နှင့်  တိုက်ပွဲဖြစ်ပွားထားကြောင်းကို ဖေဖော်ဝါရီလ ၅ ရက်က သျှမ်း သံတော် ဆင့် သတင်းဌာနကို အတည်ပြုပြောကြားထားသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနတွင် ဗိုလ်မှူးစိုင်းဆုက SSPP တပ်ဖွဲ့ဝင်များက လွယ်ဝိုင်တောင်ကြောကို သွားရန် ခရီး ထွက်လာရာ နားခါးကျေးရွာ အနီးတွင်  ထမင်းစားနားကြောင်း၊ ထို့နောက် TNLA မှ ဆီးကြို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏ တပ်ဖွဲ့အင်အား အနည်းငယ်ကို TNLA မှ အင်အားဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောဆို ထားသည်။

SSPP နှင့် TNLA တို့ နှစ်ဖွဲ့ကြား တိုက်ပွဲကိစ္စ ပြေလည်ရေးအတွက် ၎င်းတို့၏ ဗဟိုသို့ ဆက်သွယ်ကာ ညှိနှိုင်း သွားကြ မည်ဟု သိရသည်။

TNLA နှင့် SSPP တို့မှာ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) လက်မှတ် ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။

နှစ်ဖွဲ့လုံးမှာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားသည်။

TNLA သည် တပ်မတော်၊ RCSS တို့နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading