သတင်း

လာဘ်စားမှုဖြင့် တရားစွဲဆိုခံရသော တရားသူကြီး ထွက်ပြေးတိမ်းရှောင်နေဆဲ

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လာဘ်စားမှုဖြင့် တရားစွဲဆိုထားသော မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှ တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ကော်မရှင်က ဧရာဝတီကိုပြောသည်။

ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် ၎င်းအား ငွေမပေးသည့် တရားစွဲဆိုခံရသူများကို ထောင်ဒဏ်ချမှတ်ပြီး ငွေပေးသူများကို ငွေဒဏ်သာ ချမှတ်ခဲ့ကြောင်း ၂၀၁၆ ခုနှစ်တွင် တိုင်ကြားခံခဲ့ရခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်းက တရားမဝင် အရက်ရောင်းဝယ်သည့် အမှုတခုတွင် အမှုပြီးပြတ်စေရေးအတွက် အမှုအား လိုက်ပါဆောင်ရွက်သော အထက်တန်းရှေ့နေမှတစ်ဆင့် ငွေကျပ် (၅)သိန်း တောင်းခံရယူခဲ့ခြင်း၊ လောင်းကစားအမှုတခုတွင် ပြစ်ဒဏ်သက်ညှာစွာ စဉ်းစားပေးနိုင်ရန် တရားခံဖြစ်သူ၏ ဇနီးဖြစ်သူထံမှ ငွေကျပ် (၅)သိန်း လက်ခံခဲ့သည်ဟုဆိုကာ တိုင်ကြားခံခဲ့ရခြင်း ဖြစ်သည်။

ဒေါ်အဉ္ဇလီမြရှိန်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ လာဘ်ငွေရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုထားကြောင်း ကော်မရှင်၏ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

သို့သော်လည်း ဒေါ်အဉ္ဇလီမြရှိန်သည် ယခုအခါ ထွက်ပြေးတိမ်းရှောင်လျက် ရှိသဖြင့် တရားခံပြေးအဖြစ် ကြေညာနိုင်ရန် ကော်မရှင်က ဆောင်ရွက်လျက် ရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးသင်းမောင်က ဧရာဝတီကိုပြောသည်။ ထို့နောက် အမှုကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲတပ်ဖွဲ့က ဆက်လက်ကိုင်တွယ်နိုင်ရန် လွှဲပြောင်းပေးမည်ဟုလည်း သိရှိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသူကို ထောင်ဒဏ် ၁၀ နှစ် အထိချမှတ်နိုင်သည်။ အဆိုပါအမှုကိစ္စသည် အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေ ပြဌာန်းပြီးနောက် အဂတိမှုဖြင့် တရားစီရင်ရေးကဏ္ဍမှ အရာရှိဝန်ထမ်းတဦးဦးကို တရားစွဲဆိုသော ပဉ္စမမြောက်အမှုလည်း ဖြစ်ကြောင်း ကော်မရှင်၏ အဆိုအရ သိရှိရသည်။ ယင်းအမှု ၅ ခုစလုံးတွင် တရားစွဲဆိုခံရသူ တရားသူကြီးများအားလုံးသည် ထွက်ပြေးတိမ်းရှောင်လျက် ရှိသည်ဟုလည်း ဆိုသည်။

နောက်ဆုံးအမှုဖြစ်သည့် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်၏ အမှုကိစ္စကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလဆန်းကတည်းက စတင်စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု အမှုကိစ္စကို စစ်ဆေးသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာညီညီထွန်းက ဧရာဝတီသတင်းဌာနကို ပြောသည်။

ကော်မရှင်၏ လုပ်ပိုင်ခွင့်အကန့်အသတ်များနှင့် နိုင်ငံ့ဝန်ထမ်းတဦးဦးကို တရားစွဲဆိုရာတွင် လိုအပ်သည့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်မှု အဆင့်ဆင့်တို့ကြောင့် အမှုကိစ္စမှာ အချိန်မကြာသင့်ဘဲ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေါက်တာညီညီထွန်းက ပြောသည်။

ကော်မရှင် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လမှ ၂၀၁၆ ခုနှစ် နှစ်ကုန်အထိ ကော်မရှင်သည် တိုင်ကြားစာပေါင်း ၂၆၆၁ စောင် လက်ခံရရှိခဲ့သည်ဟု ကော်မရှင်၏ အချက်အလက်များအရ သိရှိရသည်။ တိုင်ကြားစာများမှာ ရန်ကုန်တိုင်းမှ အများဆုံးလက်ခံရရှိပြီး မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့မှာ ဒုတိယနှင့် တတိယအများဆုံးတို့ ဖြစ်သည်။

အစိုးရဝန်ထမ်းလစာနည်းပါးခြင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဘဲ အဆင့်ဆင့်ရှုပ်ထွေးမှုများက လာဘ်ပေးလာဘ်ယူမှုကို တွန်းအားပေးသည့် အကြောင်းအရာများ ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာကော်မတီက ၂၀၁၆ ခုနှစ်အတွင်း လက်ခံရရှိခဲ့သည့် တိုင်စာပေါင်း ၄၀၀၀ ကျော်တွင် တရားရုံးနှင့် ပတ်သက်သည့် တိုင်ကြားစာများမှာ ၂၀၀၀ ကျော်ရှိပြီး တရားရုံးဆုံးဖြတ်ချက်များအပေါ် မကျေနပ်ခြင်း၊ တရားစီရင်ရေးလုပ်ငန်းများ နှောင့်နှေးခြင်း စသည်တို့ကို တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဂျာမနီနိုင်ငံ ဘာလင် အခြေစိုက် အဂတိလိုက်စားမှု စောင့်ကြည့်လေ့လာရေးအဖွဲ့တခုဖြစ်သည့် Transparency International အဖွဲ့က မကြာသေးမီက ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အဂတိကင်းစင်မှု အဆင့်မှာ နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် အဆင့် ၁၃၇ ရှိကြောင်း ဖော်ပြထားသည်။

Loading