သတင်း

ရခိုင်အရေး ကုလ စွပ်စွဲချက် တုံ့ပြန်ရန် မြန်မာ အစိုးရ စီစဉ်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောဒေသရှိ ပဋိပက္ခဖြစ်စဉ်များအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်း ရေး ဆောင်ရွက်ရာတွင် လူနည်းစု မွတ်စလင်များအပေါ် အကြမ်းဖက် နှိပ်စက်မှုများ ကျူးလွန်ခဲ့သည် ဆို သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ အစီရင်ခံစာကို အမြန်ဆုံး တုံ့ပြန်သွားမည် ဖြစ်ကြောင်း မြန်မာ အစိုးရ တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။

ကုလသမဂ္ဂ အစီရင်ခံစာ၌ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေရှ်သို့ ထွက်ပြေးလာသူ ၂၀၀ ခန့်ကို ကုလသမဂ္ဂက စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အလွန်ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက“သူတို့ တင်ပြတဲ့ အချက်အလက်တွေကို လက်ခံတယ်၊ လက်မခံဘူး ဆိုတာထက် ကိုယ်တို့ လုပ်နေတဲ့ဟာတွေကို အချက်အလက်တွေနဲ့ ပြန်တင်ပြ မယ်။ ကိုယ်လုပ်နေတဲ့ဟာတွေကို High Light လုပ်ပြီးတော့ ပီပီပြင်ပြင် ဖြစ်အောင် ဘာတွေ လုပ်နေလဲ ဆိုတာကို ထင်ထင်ရှားရှား ဖြစ်အောင် အဓိက ပြောပြီးမှ တုံ့ပြန်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ အပေါ် မလိုလားသည့် အဖွဲ့အစည်းတချို့က ၂၀၁၇ ခုနှစ် မတ်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ မြန်မာ့အရေးကို ဆွဲတင်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း အစိုးရပိုင်းက တုံ့ပြန်ပြောဆိုသည်။
ကုလသမဂ္ဂ၏ အစီရင်ခံစာအပေါ် ပြန်လည် တင်ပြမည့် အချက်အလက်ကို ပြင်ဆင်နေပြီး ရက်ပိုင်းအတွင်း အဖြေထွက်လာမည်ဖြစ်ရာ လတ်တလော တွင် လုပ်ဆောင်ချက်ကို ထုတ်ဖော်ပြောဆိုရန် ခက်ခဲကြောင်း၊ အစိုးရ၏ ရှင်းလင်းချက်များကို ကုလသမဂ္ဂရှိ မြန်မာ အမြဲတန်း ကိုယ်စားလှယ်ရုံးမှ တဆင့် နိုင်ငံတကာသို့ တင်ပြနိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြိုးစားနေကြောင်း သိရသည်။

“သူတို့ကတော့ ဘက်ပေါင်းစုံလောက် ရအောင် တင်နေတာ။ ကျနော်တို့မှာလည်း ကိုဖီအာနန် ကော်မရှင် ရှိတယ်။ ဒီကော်မရှင်နဲ့ ပတ်သက်ပြီး တုံ့ပြန်တဲ့အခါကျရင် ပါတဲ့အချက်တွေပေါ် အခြေခံပြီးရင် သေချာ ကျကျနန ညှိနှိုင်းပြီးတော့ တုံ့ပြန်သွားဖို့ ရှိပါတယ် ”ဟု ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ရှင်းပြသည်။

မြန်မာ အစိုးရက ကုလသမဂ္ဂမှ ပြောဆိုထားသည့် အချက်အလက်များကို ခိုင်မာသည့် အထောက်အထားဖြင့် တင်ပြရန် အကြောင်းပြန်ထားပြီး စွပ်စွဲချက်များ အပေါ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင် လူ့အခွင့် အရေး မဟာမင်းကြီးဆီမှာ အချက်အလက်တွေ တောင်းထားတယ်။ ပြီးရင် ဒီဘက်ကလည်း စုံစမ်း စစ်ဆေး ဖော်ထုတ်ပြီးတော့ ဥပဒေအတိုင်း မှန်မှန်ကန်ကန် လုပ်ဖို့ ရှိတယ်” ဟု နိုင်ငံတော် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဆက်လက်၍ ၎င်းက ရခိုင်ဒေသတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရာ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များဖြစ်သည့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် သတိကြီးစွာ ထားရန်၊ ဥပဒေနှင့် အညီ လုပ်ဆောင်ရန်၊ လူ့အခွင့်အရေး ချိုးဖော်မှုများ မလုပ်ဆောင်ရန် အောက်ခြေ အဆင့်ဆင့်ထိ ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရှင်းပြသည်။

အစိုးရအနေဖြင့် ရခိုင်ဒေသတွင် ရဲတပ်ဖွဲ့ လုပ်ဆောင်မှု ဗီဒီယိုဖိုင်များ ထွက်လာပြီးနောက်ပိုင်း ဖြစ်စဉ်တွင် ပါဝင်သည့် အရာရှိ ၂ ဦး၊ အခြား အဆင့် ၁ ဦးကို ရဲစည်းကမ်းနှင့် အညီ အရေးယူခဲ့ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ တွေ့ရှိပါက အရေးယူမှုများ ပြုလုပ်ကြောင်း သိရသည်။

ဦးဇော်ဌေးက “Human Right Violation နဲ့ ပတ်သက်လို့ ဦးမြင့်ဆွေရဲ့ ကော်မရှင် သက်တမ်းကာလ အတွင်းမှာ စုံစမ်းတယ်။ တွေ့ရှိချက်တွေကို အစီရင်ခံစာ တင်ဖို့ လုပ်တယ်။ အစီရင်ခံစာ တင်ဖို့ လုပ်နေစဉ်မှာပဲ နောက်ထပ် စွပ်စွဲချက် အသစ်တွေ ပေါ်လာတယ်။ ပေါ်လာတဲ့အတွက် မပြီးပြတ်သေးတော့ သူ့ကို Extension ပေးထားတယ်”ဟု ပြောသည်။

ဒု သမ္မတ ၁ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ်အရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ လုပ်ငန်း တာဝန် ၂ ခု မှာ အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် နိုဝင်ဘာလ အတွင်းက ဖြစ်စဉ်များကို စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး ဖြစ်ပွားရသည့် အကြောင်းအရင်း၊ နောက်ပိုင်းတွင် အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် စုံစမ်း စစ်ဆေး တင်ပြရန် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဌာနက ရခိုင်ပြည်နယ်ရှိ လူနည်းစု မွတ်စလင်များအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များ က နှိပ်စက်မှုများ ကျူးလွန်သည် ဟူသည့် ကုလသမဂ္ဂ အစီရင်ခံစာအပေါ် အမေရိကန်ပြည်ထောင်စုက လွန်စွာစိတ်ကသိကအောက်ဖြစ်ရကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကတီနာ အဒမ်က မြန်မာအစိုးရအား အစီရင်ခံစာပါ တွေ့ရှိချက်များကို အထူးအလေးထား စဉ်းစားရန်နှင့် ဒေသခံများအား အကာအကွယ်ပေးရေး ကြိုးပမ်းချက်များ ၂ ဆပြုလုပ်ရန်၊စွပ်စွဲချက်များအပေါ် စေ့စပ်သေချာစွာနှင့် ယုံကြည်ရလောက်အောင် စုံစမ်းဖော်ထုတ်သင့်ကာ ယင်းဒေသ အတွင်းသို့ လူသားချင်းစာနာမှု အကူအညီနှင့် သတင်းမီဒီယာများ သွားရောက်ခွင့်ရရေးကို မြန်မာအစိုးရထံ ဆက်လက် တောင်းဆိုသွားမည်ဟု ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading