သတင်း

မြစ်ကြီးနားနှင့် မုဒုံတွင် ထားမည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ကန့်ကွက်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မွန်ပြည်နယ် မုဒုံမြို့တို့၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ထားရှိရန် ပြုလုပ် နေ သည်ကို ဒေသခံများက ကန့်ကွက်ကြောင်း သတင်း ရရှိသည်။

ထို့အပြင် ၎င်းတို့မြို့များတွင် မထားရှိရန် သက်ဆိုင်ရာဝန်ကြီးချုပ်များထံ စာပို့ တောင်းဆိုထားသည်ဟုလည်း ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများကို မြစ်ကြီးနားမြို့၌ မြို့တွင်း ပြည်ထောင်စုလမ်းမကြီး အနီးရှိ နာရီစင်နှင့် စိမ်းမြ ဧရာ ဥယျာဉ်ကြားတွင် လည်းကောင်း၊ မုဒုံမြို့တွင် မြို့လယ်ရှိ ကန်သာယာပန်းခြံ အနီးတွင်ထားရှိရန် လည်းကောင်း ဆောက်လုပ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ကချင်နိုင်ငံရေးပါတီ ၄ခု ပူးပေါင်းဖွဲ့စည်းထားသည့် ကချင်နိုင်ငံရေး ဦးဆောင်မှု ကော်မတီ(KPCC) က ကချင်ပြည်နယ် တွင်း တိုက်ပွဲများဖြစ်ပွားနေပြီး ၁၉၄၇ ခုနှစ်က ပင်လုံတွင် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားများအပေါ် ကတိ ပေး ခဲ့ သည့် ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေး၊ တိုင်းရင်းသားများ တန်းတူညီမျှရေး ကိစ္စရပ်များကို အကောင် အထည် မဖော်နိုင်သေးဘဲ အထိမ်းအမှတ် ရုပ်တုလာထားမည်ကို လက်မခံနိုင်ဟု ဆိုကာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ထံသို့ ဖေဖော်ဝါရီ ၆ ရက်က စာပေးပို့ ကန့်ကွက်ထားခြင်း ဖြစ်သည်။

KPCC မှ ပြောရေးဆိုခွင့်ရှိသူ ဦးဂျော်နော်ဆန်းက “ကျနော်တို့ ကချင်လူထုက ဦးစားပေး လုပ်စေချင်တာ ငြိမ်းချမ်းရေး ပါ။ ဗိုလ်ချုပ်ရဲ့ကတိကဝတ်ဖြစ်တဲ့ လွတ်လပ်တဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ဒီ၂ ချက်ကိုပဲ အားလုံးက အရေးတကြီး လို အပ် နေတော့ ဒါကိုပဲ ဦးစားပေးလုပ်စေချင်တယ်”ဟု ပြောသည်။

ဗိုလ်ချုပ်ရုပ်တု ထားရှိမည့် မြေနေရာသည် မြစ်ကြီးနား မြို့လယ်က ပြည်သူပိုင်မြေနေရာ ဖြစ်ပြီး အကျယ်အဝန်း ပေ ၃၀၀ ခန့် ကျယ်ကြောင်း၊ ရုပ်တုတင်မည့် စင်နှင့် ရုပ်တုသည် ၁၅ ပေခန့် မြင့်ကြောင်း၊ လက်ရှိတွင် မြို့တွင်းက ဘုန်းကြီးကျောင်း တကျောင်းတွင် ရုပ်တုကို ထုလုပ်နေကြောင်း၊ ရုပ်တုထားရှိမည့် မြေကွက်အတွင်း လူသွားလမ်းများ ဖောက်လုပ်နေပြီး အထိမ်းအမှတ် နေရာကဲ့သို့ လုပ်ဆောင်မည်ဟု သိထားကြောင်း KPCC က ဆိုသည်။

မြို့လယ်တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ထားရှိမည်ကို ဒေသခံ ကချင်တိုင်းရင်းသားများကို အသိပေးခြင်း မေးမြန်း ခြင်း မရှိဘဲ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးဂျော်နော်ဆန်းက ပြောဆိုသည်။

မြစ်ကြီးနားမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို နိုင်ငံတော်အခမ်းအနား၊ ပြည်နယ်အခမ်းအနားဖြင့် လုပ်ဆောင်ခြင်း ဟုတ် မဟုတ်ကို KPCC က စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိတွင် လူတစုက ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် သက်ဆိုင်ခြင်း ရှိ မရှိကိုလည်း စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

KPCC မှ ပြောရေးဆိုခွင့်ရှိသူ နောက်တဦးဖြစ်သည့် ဦးလွမ်းဒေါင်က “ဒါကို စလုပ်တာက တပတ်ကျော်ပဲရှိသေးတယ်။ သူတို့က ပြည်ထောင်စုနေ့ အမီလုပ်မယ်လို့ သိရတယ်။ ကျနော်တို့ KPCC က လိုက်စုံစမ်းတော့ NLD လုပ်လား။ အစိုးရ လုပ်လား မသိရဘူး။ စုံစမ်းနေတုန်းပဲ။ အခုက လုပ်နေတဲ့အလုပ်သမားတွေနဲ့ တဆင့်ခံတွေနဲ့ပဲ တွေ့တယ်”ဟု ပြောသည်။

ကချင်ပြည်သူလူထု အများစုက လတ်တလောဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒုက္ခရောက်နေကြပြီး ငြိမ်းချမ်းရေး မရ သေးသည့် အချိန်၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် နိုင်ငံရေး မဆွေးနွေးနိုင်သေးသည့် အချိန်တွင် ယခုကဲ့သို့ အထိမ်း အမှတ် ရုပ်တု လာထုလုပ်ခြင်းကို လက်မခံနိုင်ကြောင်း မြစ်ကြီးနားမြို့ ဒူကထောင့်ရပ်ကွက်တွင် နေထိုင်သည့် ဦးဂမ်ဂျာ ကလည်း ပြောဆိုသည်။

မွန် လူထုအခြေပြု အဖွဲ့များ၊ ရဟန်းသံဃာ များကလည်း မုဒုံမြို့ ကန်သာယာပန်းခြံ အနီး ထားရှိမည့် ဗိုလ်ချုပ် အောင်ဆန်း ရုပ်တုနှင့် ပတ်သက်၍ မကြာခဏ ကန့်ကွက်နေသည့်ကြားမှ ဗိုလ်ချုပ် ရုပ်တု ဖြစ်မြောက်ရေး ကော်မတီ က ဆက်လက်လုပ်ဆောင် နေကြောင်း၊ ဌာနေတိုင်းရင်းသား ၏ ပြောဆိုချက်များကို လျစ်လျူရှုခြင်းက မလုပ်ဆောင် သင့်ကြောင်းကို မွန်လူငယ်များ ဖိုရမ်အပြီး ဖေဖော်ဝါရီ လ ၁ရက်တွင် ထုတ်ပြန်ချက်တစောင် ထုတ်ပြန်၍ ကန့်ကွက် ထား သည်။
ထို့အပြင် မွန်လူငယ်အသင်းက ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသားတို့ ဆန္ဒမပါသည့် ကချင် တိုင်းရင်းသားတို့၏ ခေါင်းဆောင် မဟုတ်သည့် ဗိုလ်ချုပ် အောင်ဆန်းရုပ်တုကို ဆန့်ကျင်ကန့်ကွက်သကဲ့သို့ မွန်လူမျိုးတို့၏ ခေါင်းဆောင် မဟုတ်သော ဗိုလ်ချုပ် အောင်ဆန်းရုပ်တုကို မွန် လူမျိုးအားလုံးက လုံးဝ ဆန့်ကျင်သည်ဟုလည်း ၎င်းတို့၏ ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် တို့ကို ဧရာဝတီက ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။

NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို မေးမြန်းရာ ၎င်းက ဗိုလ်ချုပ် ကြေးရုပ် ထုလုပ်နေသည်တို့ကို မသိရှိ ကြောင်း၊ ထို့ကြောင့် တစုံတရာ ပြောဆိုရန် မရှိကြောင်း ဧရာဝတီကို ပြောသည်။

မုဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းကို ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက နေပြည်တော်တွင် လွှတ်တော် တက်နေသဖြင့် မသိရှိကြောင်း ပြောသည်။

သို့သော် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ နှင့် ပတ်သက်၍ ထပ်မံမေးမြန်းရာ ထိုကော်မတီသည် NLD ပါတီ အောက်တွင် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်ဟု ဦးစောထွန်းက ပြောပြသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွား ကာ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်ပြီး ကချင် တိုင်းရင်းသား စစ်ဘေး ဒုက္ခသည်များလည်း တိမ်းရှောင်နေရဆဲ ဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တိုက်ပွဲများဖြစ်ပွားပြီး စစ်ရှောင်ဒုက္ခသည်များ တိုးပွားလာသည့် အပေါ် နှုတ်ဆိတ်နေခြင်း တို့ကြောင့်လည်း အစိုးရကို ကချင်တိုင်းရင်းသားများ၊ နိုင်ငံရေး အသိုင်းအဝိုင်းများက ဝေဖန်လျက်ရှိသည်။

မွန်ပြည်နယ် ဘုရားသုံးဆူမြို့ တွင်လည်း ဖေဖော်ဝါရီလ ၁၂ ရက်၌ ကျင်းပမည့် မွန် အမျိုးသားနေ့တွင် မွန်ပြည်သစ် ပါတီ (NMSP) က လက်နက်ဖြင့် စစ်ရေးပြမည့် ကိစ္စကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တားမြစ်ထားသဖြင့် ပြေလည်ခြင်း မရှိသေးကြောင်း သိရသည်။

Loading