သတင်း

MICA ဖျက်သိမ်းမည့်အဆို အမျိုးသားလွှတ်တော် အတည်ပြု

နိုင်ငံနှင့် ပြည်သူအတွက် အမှန်တကယ် အကျိုးပြုနိုင်ခြင်းမရှိဘဲ လူတစုကသာ လက်ဝါးကြီးအုပ် ချယ်လှယ်နေသည်ဟုဆိုသော မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (MICA) ကို သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် ဖျက်သိမ်းမည်ဖြစ်သည်။

ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်၌ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇ ) မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုးက နိုင်ငံတော်၏ သားငါးကဏ္ဍ တိုးတက်ရန်နှင့် စားနပ်ရိက္ခာဖူလုံရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သည့် MICA (Myanmar International Cooperation Agency) သည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးမပြုဘဲ လူတစုက လက်ဝါးကြီးအုပ် ချယ်လှယ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုအဖွဲ့ကို ဖျက်သိမ်းပေးရန် တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးတင်ပြခဲ့ခြင်း ဖြစ်သည်။

MICA ဖျက်သိမ်းပေးရန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ကြပြီး၊ မဲခွဲဆုံးဖြတ်ရာတွင် ဖျက်သိမ်းရေးထောက်ခံသူ ၁၄၀ နှင့် ကန့်ကွက်သူ ၅၀ ဦး ရှိသဖြင့် MICA ဖျက်သိမ်းရန် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ထို့အပြင် MICA အဖွဲ့ကို ဖျက်သိမ်းရန် နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကတည်းက သဘောတူညီပြီး ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဦးလှကျော်က ယနေ့ အမျိုးသားလွှတ်တော်၌ ပြန်လည်ပြောဆိုသည်။

“MICA ရဲ့ ရည်ရွယ်ချက် ကောင်းပေမယ့် လုပ်နည်းစနစ်က စကားပြောတာပေါ့။ ဘယ်တော့လောက် အပြီးဖျက်သိမ်းမလဲ ဆိုတာတော့ အချိန်အတိအကျ မပြောနိုင်သေးဘူး” ဟု ဒုဝန်ကြီးဦးလှကျော်က လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။

MICA အဖွဲ့ ဖျက်သိမ်းခြင်း၊ ခြံ၊ စက်ရုံ၊ မြေယာများကို သက်ဆိုင်ရာ ဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဖျက်သိမ်းရေးတွင် ငွေကြေးစီမံခန့်ခွဲမှုအပိုင်း ရှင်းလင်းရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စု စာရင်းစစ်ရုံး၏ အကြံဉာဏ်ရယူ ဆောင်ရွက်သွားမည်ဟု ဒုဝန်ကြီးဦးလှကျော်က ယနေ့ အမျိုးသားလွှတ်တော်တွင် ပြောဆိုခဲ့သည်။

MICA အဖွဲ့ကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရအဖွဲ့လက်ထက် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ MICA အဖွဲ့သည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် ခြံစက်ရုံပေါင်း ၄၈ ခု၊ အုတ်စက်ရုံနှင့် တညင်းကုန်း မြေဧရိယာ ၆၄ ဒသမ ၅၄ ဧက၊ ငါးလုပ်ငန်း ဦးစီးဌာနပိုင် လုပ်ငန်း ၁၇ ခု အပြင် အင်းစိန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနပိုင်မြေ ၁၃၄ ဒသမ ၇၃၈ ဧကထဲမှ အနုပညာ ဗဟိုဌာနသို့ ၈ ဒသမ ၄၁ ဧက အပ်နှံခဲ့ပြီး၊ မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်သို့ ၃၁ ဒသမ ၃၂၁ ဧကအပ်နှံပြီး ကျန်မြေအားလုံးကို လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။

Loading