မင်္ဂလာဆောင် အခန်းအနားများတွင် လက်ဆောင်ပေးခြင်းက မြန်မာနိုင်ငံ၏ အစဉ်အလာဖြစ်သည်။ အိမ်ထောင်ရှင် အသစ် များအတွက် ဘဝတခုကို အတူတကွ စတင်နိုင်ရေးအတွက် လိုအပ်သည်များကို ကူညီထောက်ပံံ့ပေးခြင်းလည်း ဖြစ်သည်။ ဆွေမျိုး မိတ်ဆွေများက ရက်ရောစွာ ပေးအပ်ကြသလို ဇနီးမောင်နှံ စုံတွဲသစ်ကလည်း ကျေးဇူးတင်စွာဖြင့် လက်ခံပေးကြ သည်မှာ ထုံးစံဖြစ်သည်။
သို့သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၏ သမီးဖြစ်သူ၏ မင်္ဂလာဆောင်တွင်မူ ထိုသို့မဟုတ်ပါ။ နေပြည်တော် တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ ကျင်းပရန်ရှိနေသည့် အဆိုပါ မင်္ဂလာပွဲဖိတ်စာတွင် “ကျေးဇူးပြု၍ လက်ဖွဲ့ ပေးခြင်း သည်းခံပါ” ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
အဆိုပါ ကြေညာချက်မျိုးက မင်္ဂလာပွဲ အခန်းအနားတွင် ဇနီးမောင်နှံ အသစ်များကို မော်တော်ကားများ၊ ချက်လက်မှတ်များ ပေးလေ့ရှိသော အထူးသဖြင့် သတို့သား သတို့သမီး တို့၏ မိဘများက သြဇာအာဏာကြီးသည့် အစိုးရ ရာထူးရှိသူများ ဆိုလျှင် မိသားစု၏ မျက်နှာသာပေးမှုကို ရရှိစေရန် လက်ဖွဲ့ပေးလေ့ရှိကြသော နိုင်ငံတခုတွင် တမူထူးခြားနေပါသည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် သတို့သား ဦးစိုးမိုး က ထိုသို့ လက်ဖွဲ့လက်မခံရန် ဆုံးဖြတ်ချက်ကို ၂ဘက် မိသားစုများက လက်ခံသဘောတူပြီး ဖြစ်သည်ဟု မီဒီယာများကို ပြောသည်။
“ဒါက အရေးမကြီးပါဘူး” ဟု သူက ဆိုသည်။
လက်ဖွဲ့မပေးရန် ကြိုတင်ကြေညာထားခြင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ကြောင့် တစိတ်တပိုင်း ဖြစ်နိုင်ပါသည်။ အကျင့်ပျက်ခြစားမှုများကို လျှော့ချရန် အတွက် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံဝန်ထမ်းများ လက်ခံနိုင်သည့် လက်ဆောင် အမျိုးအစားများကို ကန့်သတ်ထား ပါသည်။
လမ်းညွှန်ချက်များအရ နိုင်ငံ့ ဝန်ထမ်းများသည် တန်ဘိုး ကျပ်ငွေ ၂၅၀၀၀ ထက်များသော လက်ဆောင်မှန်သမျှကို လက်ခံ ခွင့် မရှိပါ။ ယခင်အစိုးရလက်ထက်က သတ်မှတ်ထားခဲ့သော ပမာဏထက် ၁၀ ဆ ကျော်နည်းသည့် အတိုင်းအတာ ဖြစ် ပါသည်။
သတို့သားနှင့် သတို့ သမီးတို့ မင်္ဂလာပွဲ ပြီးဆုံးချိန်တွင် လက်ဆောင်ထုပ်များ ကတ်များကို ကြည့်၍ အတွင်းတွင် မည်သည့်အရာပါရှိမည်ကို ခန့်မှန်းရသည့် စိတ်လှုပ်ရှားစရာမျိုး တွေ့ကြုံရန် မရှိတော့သောကြောင့် ပျင်းစရာဟု မေးငေါ့မည့်သူများလည်း ရှိနေပါလိမ့်မည်။