မွန်ပြည်သစ်ပါတီသည် မြန်မာ့တပ်မတော်၏ အမိန့်ကို ဆန့်ကျင်အာခံပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် မွန်အမျိုးသားနေ့တွင် မွန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ရေးပြပွဲတခုပြုလုပ်မည် ဖြစ်သည်။
မြန်မာ-ထိုင်းနယ်စပ်အနီးရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသတွင် စစ်ရေးပြချီတက်မှု မပြုလုပ်ရန် ညွှန်ကြားသော စာတစောင်ကို မွန်ပြည်နယ် အစိုးရ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဖေဖော်ဝါရီလ ၂ ရက်နေ့က ပေးပို့ခဲ့သည်။
သို့သော် မွန်ပြည်သစ်ပါတီက ထိုသတိပေးချက်ကို အလေးထားမည်မဟုတ်ဟု ပြောသည်။
“အရင်က လုပ်နေကျ ထုံးစံအတိုင်း ဒီအခမ်းအနားမှာ ကျနော်တို့တပ်တွေ ချီတက်စစ်ရေးပြမယ်။ သူတို့ရဲ့ အမိန့်ကို မနာခံဘူး” ဟု မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ဧရာဝတီသို့ ပြောသည်။
မွန်ပြည်သစ်ပါတီသည် ဗိုလ်မှူးကြီးဝင်းနိုင်ဦးထံ ပြန်စာရေးသားမည်ဟုလည်း နိုင်ဝင်းလှက ပြောသည်။
ယခု ကျင်းပမည့်နှစ်ပတ်လည်အခမ်းအနားသည် ၇၀ ကြိမ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားဖြစ်ပြီး မွန်ပြည်နယ်၊ ရန်ကုန်နှင့် ကမ္ဘာတဝန်းလုံးမှ မွန်အမျိုးသားများလည်း ဆင်နွဲကြမည်ဟု မျှော်လင့်ရသည်။
မွန်ပြည်သစ်ပါတီသည် အပစ်အခတ်ရပ်စဲရေးစာချုပ်၏ အချို့သောအချက်များကို ချိုးဖောက်နေသည်ဟု မြန်မာ့တပ်မတော်က သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် နိုဝင်ဘာလမှ စတင်၍ ၂ ဘက်အကြား တင်းမာမှု မြင့်မားနေသည်။
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သားများသည် အစိုးရထိန်းချုပ်ဒေသများသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြသည်ဟု မြန်မာ့တပ်မတော်က ပြောသည်။ သို့သော် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကမူ ၎င်းတို့သည် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်သူများကို အရေးယူခြင်းဖြစ်သည်ဟု ပြောသည်။
ယခုအကြိမ်သည် ၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးချိန်မှစ၍ နှစ်စဉ်ကျင်းပသည့် မွန်အမျိုးသားနေ့ စစ်ရေးပြခြင်းကို မြန်မာ့တပ်မတော်က ပထမဆုံး ဟန့်တားခြင်းဖြစ်သည်။ မွန်ပြည်သစ်ပါတီသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၂ ခုနှစ်တွင် သက်တမ်းတိုးမြှင့်ခဲ့သည်။
သို့သော် မွန်ပြည်သစ်ပါတီသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေပြည်တော်၌ ကျင်းပရန် စီစဉ်ထားသည့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ရန်လည်း ဖိတ်ကြားခံရခြင်း မရှိသေးပေ။
ထုံးစံအားဖြင့် မွန်အမျိုးသားနေ့တွင် မွန်ပြည်သူများသည် စစ်ရေးပြပွဲ ကျင်းပခြင်း၊ အမျိုးသားဝတ်စုံ ဝတ်ဆင်ခြင်း၊ ရိုးရာယဉ်ကျေးမှု ကပွဲများ ကျင်းပခြင်းတို့ ပြုလုပ်ကြပြီး မွန်အမျိုးသားခေါင်းဆောင်များက မွန်နိုင်ငံရေး၊ မွန်သမိုင်းနှင့်ပတ်သက်သော မိန့်ခွန်းများ ပြောကြားကြသည်။
မွန်အမျိုးသားနေ့သည် ပထမမွန်နိုင်ငံတော်ဖြစ်သော ဟံသာဝတီကို အေဒီ ၅၇၃ ခုနှစ်တွင် ထူထောင်သည့် အထိမ်းအမှတ်နေ့ဖြစ်သည်။ ထိုအခမ်းအနားကို နှစ်စဉ် တပို့တွဲ လပြည့်ကျော် တရက်နေ့တွင် ကျင်းပသည်။