ဦးပိန်တံတား ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းကို မိုးရာသီက ရေကြီးရေလျှံမှုများကြောင့် ယာယီ ရပ်နားထားခဲ့ ရာမှ ယခုတပတ်အတွင်း ပြန်လည်စတင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ဧရာဝတီသို့ပြောသည်။
“တံတားပြင်တဲ့ လုပ်ငန်းပြန်စဖိ့ု၊ လုပ်ငန်းစဉ်တိုင်းမှာ မြန်မာနိုင်ငံဗိသုကာကောင်စီရဲ့အနီးကပ် ကြီးကြပ်မှုတွေ နဲ့ဆောင်ရွက်ဖို့ အစိုးရရဲ့ တရားဝင် အကြောင်းကြားစာတော့ ထုတ်ပေးလိုက်ပြီ၊ ကုမ္ပဏီက လိုအပ်တဲ့ ကိစ္စတွေ ဆက်လုပ်ပါလိမ့်မယ်” ဟု ၎င်းကပြောသည်။
၂၀၁၆ ခုနှစ် မတ်လက စတင်ခဲ့သည့် ဦးပိန်တံတား ပြင်ဆင်ခြင်းလုပ်ငန်းအား Myanmar Teak Wood Industry ကုမ္ပဏီက ငွေကြေး စိုက်ထုတ်ကာ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခု တံတား ပြင်ဆင်ရေး လုပ်ငန်းများအား ပြန်လည် စတင်ချိန်တွင် မြန်မာနိုင်ငံဗိသုကာကောင်စီ၏ အကြံပြုချက်များ အတိုင်း လုပ်ငန်းများ ဆောင်ရွက်သွားရမည်ဟု ဝန်ကြီးဦးမျိုးသစ်က ပြောသည်။
“တံတားကြီးနဲ့ပတ်သက်ပြီး လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း အကောင်းဆုံး ပြင်ဆင်ပြုပြင်ဖို့ လုပ်သွား မှာပါ။ အစားထိုးရမယ့် သစ်သား ကျွန်းသစ်လုံး တွေလည်း အရံသင့်ရှိပါတယ်” ဟု Myanmar Teak Wood Industry ကုမ္ပဏီ၏ လက်ထောက် အထွေထွေမန်နေဂျာ ဦးဇော်ဝမ်းက ပြောသည်။
ဦးပိန်တံတား ပြင်ဆင်ခြင်း လုပ်ငန်းတွင် တံတားအခန်းပေါင်း ၄၀၀ ကျော်ပါဝင်ပြီး ပထမအကြိမ်က အခန်းပေါင်း ၃၀၀ ကျော် ပြင်ဆင်ပြီး ဖြစ်ရာ ကျန်ရှိသည့် အပိုင်းများအား ဆက်လက် ပြင်ဆင်သွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောသည်။
“ဒီတခေါက်ပြင်ရင်တော့ အရှေ့ဘက်ခြမ်းကို ဦးစားပေးပြင်မယ်။ အဲဒီဘက်က ရုပ်ပျက်ဆင်းပျက် တော်တော် ဖြစ်နေပြီ” ဟု ၎င်းက ရှင်းပြသည်။
သင်္ကြန်ကာလ အတွင်း တံတားသို့ လာရောက်လည်ပတ်သူ ၁ သိန်းခန့်ရှိရာ ပထမအကြိမ် ပြင်ဆင်စဉ်က သင်္ကြန်အမီ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည့် အတွက် ကြံ့ခိုင်မှုကိုသာ အဓိက ဦးစားပေး လိုက်ရ၍ ဦးပိန်တံတား၏ ရှေးမူလက်ရာများ ပျက်သွားခဲ့ကြောင်း ဝေဖန်မှုများလည်း ရှိခဲ့သည်။
“ဦးပိန်တံတားဟာ နှစ်ကာလကြာရှည် ရာသီဥတုဒဏ်ခံခဲ့ရတယ်၊ လူအများ သွားလာ အသုံးပြုနေတဲ့ တံတားတစင်း ဖြစ်တာကြောင့် ခိုင်ခံ့မှုကို ဦးစားပေးမလား၊ ရှေးမူမပျက် ထိန်းသိမ်းမလားဆိုတဲ့ အားပြိုင်မှုကတော့ ရှိနေပါတယ်၊ ရှေးမူမပျက် ထိန်းမယ်ဆိုရင်တော့ အုံနဲ့ကျင်းနဲ့ အသုံးပြုတာကို လျှော့ချဖို့ လိုအပ်ပါမယ်” ဟု မန္တလေး နည်းပညာ တက္ကသိုလ်၊ ဗိသုကာဌာနမှ ဒုတိယ ပါမောက္ခဒေါက်တာ ဇာခြည်မင်းက ပြောသည်။
နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်းရှိ ဦးပိန်တံတားသည် တံတားအရှည် ပေ ၄ ထောင်ကျော်ရှိပြီး ကျွန်းတိုင် များဖြင့် ဆောက်လုပ်ခဲ့သည့် သစ်သားတံတား အမျိုးအစားဖြစ်ကာ ရာသီဥတုဒဏ်၊ လူအများသွားလာ ဖြတ်သန်းသည့် ဒဏ်တို့ကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး စနစ်တကျ ပြန်လည် ထိန်းသိမ်းရန် လိုအပ်နေသည့် မန္တလေးမြို့မှ အထင်ကရ ရှေးဟောင်း အမွေအနှစ်တခု ဖြစ်သည်။