ရခိုင်ပြည်နယ် နတ်မြစ်ရှိ မြန်မာပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် ငါးဖမ်းလှေ ၈ စင်းနှင့် တပ်မတော်ရေ တို့ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်သည်။
နယ်ခြားစောင့် တပ်မတော် ကင်းလှည့်ယာဉ်သည် မောင်တောမြို့နယ် ကညင်ချောင်းနှင့် ညောင်ချောင်း အကြား ပိုင်နက်အတွင်း ဝင်ရောက်နေသည့် တရားမဝင် ငါးဖမ်းလှေများကို မော်တော်ဘုတ်ဖြင့် စစ်ဆေး ရန် သွားရောက်စဉ် ရန်ပြုသည့်အတွက် လက်နက်ငယ်ဖြင့်၂ ချက် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။
ဦးတင်မောင်ဆွေက “ကျနော်တို့က ဥပဒေနဲ့ အညီ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေပါတယ်။ ပိုင်နက်ထဲ ကျော်ဝင်လာရင် ပစ်စရာရှိ ပစ်ရမှာပဲ၊ ဖမ်းစရာရှိ ဖမ်းရမှာပဲ”ဟု ဧရာဝတီသို့ပြောသည်။
နတ်မြစ်အတွင်း မြန်မာပိုင်နက်ဘက်သို့ တရားမဝင်ငါးဖမ်းလှေများ ခိုးဝင်မှုအပေါ် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်အနေဖြင့် တားဆီးပေးရန်၊ ယခုဖြစ်စဉ်ကို ကန့်ကွက်သည်ဟု ပစ်ခတ်မှု ဖြစ်သည့်နေ့က အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်စဉ်တွင် တရားမဝင် ငါးဖမ်းလှေမှ လှေလုပ်သားတဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဘက်မှ အကြောင်းပြန်ကြားမှု ရှိကြောင်း ယနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ပစ်ခတ်ခဲ့မှုကို ကျနော်တို့က ဥပဒေအတိုင်း ပဲ ဖြေရှင်းမှာပါ၊ အခုထိတော့ ကျနော်တို့ဆီကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ကြားလာတာ မရှိသေးဘူး၊ သူတို့ က အကြောင်းကြားလာရင်လည်း အဲဒီ အပေါ်မူတည်ပြီး ဆောင်ရွက်သွားမှာပါ”ဟု ဧရာဝတီသို့ပြောသည်။
မြန်မာ- ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်ခြားဖြစ်သည့် နတ်မြစ်အတွင်း ယခုကဲ့သို့ နယ်ကျော်ငါးဖမ်းသည့် ဖြစ်စဉ်များမှာ ဖြစ်လေ့ဖြစ်ထရှိပြီး တရားမဝင် လှေများပေါ်မှ မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီး ရမိမှုများလည်း ရှိသည်။