သတင်း

တပ်မတော်က တရားစွဲထားသည့် ကျောင်းသား ၉ ဦးအမှု စတင်ကြားနာ

Want create site? Find Free WordPress Themes and plugins.

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) က တရားစွဲဆိုထားသည့် စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်၌ ပါဝင်ကပြခဲ့ကြသော ကျောင်းသား ၉ ဦး အမှုကို ပုသိမ်မြို့နယ်တရားရုံး၌ ပထမဆုံးရုံးချိန်းအဖြစ် ယနေ့တွင် စတင်ကြားနာခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်က ပုသိမ်ဟိုတယ်၌ တင်ဆက်ကပြခဲ့သည့် ထိုပြဇာတ်၌ တပ်မတော်နှင့် တပ်မတော်သား မိသားစုဝင်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အကြောင်းအရာများကို ထည့်သွင်း ကပြခဲ့သည်ဟုဆိုကာ ဒုဗိုလ်မှူးကြီး အောင်မျိုးခိုင် (စစ်ဦးစီး ပထမတန်း) က တရားလို ပြုလုပ်၍ ကျောင်းသားများကို အသရေဖျက်မှု ပုဒ်မ ၅၀၀ /၃၄ ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆို ခံထားရသူထဲတွင် ပါဝင်သည့် ကိုမင်းမင်းက “ ဒီနေ့ ကျနော်အပါအဝင် ကျောင်းသား ၉ ဦး ကို ပထမဆုံးရုံးချိန်းအဖြစ် မြို့နယ်တရားရုံးမှာ အမှုစတင် စစ်ဆေးတယ်။ ကျနော်တို့ ၉ ဦး ကိုယ်ပိုင်ခံဝန် လျှောက်ထားတော့ ကျပ် ၁၀ သိန်းအဖြစ် တရားသူကြီးက သတ်မှတ်ပေးလို့ ၁၀ သိန်းတန် ကိုယ်ပိုင်ခံဝန်နဲ့ ဒီအမှုကို မရှောင်လွှဲဘဲ မပျက်မကွက် ရင်ဆိုင်ပါမယ့်အကြောင်း ခံဝန်တွေ လုပ်ခဲ့ကြရတယ်” ဟု ဧရာဝတီကို ပြောသည်။

တရားစွဲဆိုခံကြရသည့် ကျောင်းသားများတွင် မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ၄ ဦး၊ ပုသိမ်တက္ကသိုလ်မှ ကျောင်းသား ၃ ဦးနှင့် အဝေးသင် တက္ကသိုလ်ကျောင်းသား ၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ယနေ့ တရားခွင်သို့ တရားလိုဖြစ်သူ ဒုဗိုလ်မှူးကြီး အောင်မျိုးခိုင်နှင့် တရားစွဲဆိုခံကြရသည့် ကျောင်းသား ၉ ဦး လုံး အမှုလာရောက် ရင်ဆိုင်ကြသည်ကို တွေ့ရသည်။ တရားခွင်၌ မြို့နယ်တရားသူကြီး ဦးဝင်းအောင်က ကျောင်းသားများကို အသက်ပြည့်မပြည့် မေးမြန်းခဲ့ပြီး ကိုယ်ပိုင်ခံဝန် အကြောင်းအရာများနှင့် တရားမမှုတို့၏ သဘောတရားများကို ရှင်းလင်းပြောဆိုသည်။

မြို့နယ်တရားသူကြီး ဦးဝင်းအောင်က “တရားရုံးမှာ အစစ်ဆေးခံရတာနဲ့ တရားခံ မဖြစ်ပါဘူး။ စွပ်စွဲတာတွေကို ဖြေရှင်းတာ မလုပ်ရင် အခြေအနေတွေ ပိုဆိုးတတ်တယ်။ တရားရုံးက ပြစ်မှုကျူးလွန်ကြောင်း မဆုံးဖြတ်သေးသမျှ အပြစ်ကင်းသူ ဖြစ်တယ်။ အပြစ်ကင်းကြောင်း၊ အပြစ်မရှိကြောင်း သက်သေပြဖို့ အခွင့်အရေး ရှိတယ်။ တရားရုံးတော် အနေနဲ့ ဥပဒေနဲ့အညီ ကြားနာစစ်ဆေးပေးမှာ ဖြစ်တယ်”ဟု တရားခွင်တွင် ပြောဆိုသည်။

ထိုအမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ တတိယပတ်တွင် ပြန်လည်စစ်ဆေးရန်အတွက် ရှေ့ပြေးတရားရုံး စီမံချက်အရ ဖေဖော်ဝါရီ ၂၀ ရက်တွင် အမှုသွားအမှုလာ စီမံခန့်ခွဲမှု အစည်းအဝေး ပြုလုပ်ရန် တရားသူကြီး ဦးဝင်းအောင်က ပြန်လည် ချိန်းဆိုခဲ့သည်။

တရားစွဲဆိုသည့် ကိစ္စနှင့်ပတ်သက်၍ တရားလို ဒုဗိုလ်မှူးကြီး အောင်မျိုးခိုင်ကို ဧရာဝတီသတင်းဌာနက မေးမြန်းရာ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကို လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင် တိုက်ရိုက် Live လွှင့်တင်ခဲ့သူ HRAA ခေါင်းဆောင် ဦးထွန်းထွန်းဦးကို နတခက အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။  ထိုပြဇာတ်မှာ စစ်ပွဲထောက်ခံသူများကို အောက်ဆီဂျင် အမည်ရှိ သတင်းဌာနက အင်တာဗျူး မေးမြန်းသည့် ပုံစံဖြင့် တင်ဆက်ကပြခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading