အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) တို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ မတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ခွင့် မရသဖြင့် စိတ်ပျက်နေသည်ဟု သိရသည်။
ယခုလ ၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၌ အပစ်ရပ် ၈ ဖွဲ့အနက် အဆိုပါ၂ ဖွဲ့ သည် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် အဆင် သင့် မဖြစ်သေးဟု ဆိုသော အကြောင်းပြချက်ဖြင့် ၂၁ ရာစုပင်လုံ မတိုင်မီ ပြုလုပ်ခွင့် မပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
CNF ဒုဥက္ကဋ္ဌ ဆလိုင်း လျန်မုန်းဆာခေါင်း က “ဒီအတွက် ကျနော်တို့ တော်တော်လေး မကြည်မလင်ဖြစ်ပါတယ်။ အထူး သဖြင့် ကျနော်တို့ ချင်း အမျိုးသားတပ်ဦး အနေနဲ့ ပေါ့လေ။ ချင်း အမျိုးသားတပ်ဦးက ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တတပ် တအား ပါဝင်ဖို့ အခက်အခဲ အများကြီးထဲက နေပြီးတော့ NCA စာချုပ်ကို လက်မှတ်ရေးထိုးတဲ့ အဖွဲ့ဖြစ်ပါတယ်” ဟု UPDJC အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။
UPDJC အစည်းအဝေးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့ပြုလုပ်ရန် ဆုံးဖြတ်ထားသော ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံ အစည်း အဝေးတွင် ဆုံးဖြတ်ချက် ချမည့် အစည်းအဝေးဖြစ်၍ ယင်းမတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်နိုင်ဘဲ ညီလာခံတင်လျှင်လည်း ထူးခြားမည် မဟုတ်ကြောင်း CNF နှင့် ALP တို့က ပြောဆိုသည်။
CNF နှင့် ALP တို့အနေဖြင့် ၂၁ ရာစုပင်လုံ အစည်းအဝေး မတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရေး အတွက် အဆင့်ဆင့် ကြိုတင်ပြင်ဆင်မှုများ ဆက်တိုက် ပြုလုပ်ထားသဖြင့် ကျင်းပရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း UPDJC တွင် အဆင်သင့် မဖြစ်သေးဟူသော အကြောင်းပြချက် အပေါ် နားမလည်နိုင်ဖြစ်ခဲ့ကြောင်းလည်း ပြောပြသည်။
ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း က “အကြောင်းပြချက်ကို မယ်မယ်ရရမပေးဘူး။ ဒါပေမယ့် သူတို့ရဲ့လေသံတွေကို ကျမတို့ တီးခေါက်မိသလောက်ဆိုလို့ရှိရင် ရခိုင်ပြည်ရဲ့ တည်ငြိမ်မှုအနေအထားတွေအပေါ်မှာ စိုးရိမ်မှုရှိတယ်ဆိုပြီးတော့မှ ပြောတယ်။ ဒါဆိုရခိုင်ပြည်နယ်မှာ ဘာမှလုပ်လု့ိ မရတော့ဘူးလားပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဆလိုင်း လျန်မုန်းဆာခေါင်းကလည်း “ကျနော်တို့ အဆင်သင့်ဖြစ်ပါတယ်။ အားလုံးပြင်ဆင်မှုတွေ လုပ်ထားပြီးပါပြီ ဆိုပြီး တော့ ကျနော်တို့ ပြောတယ်။ ပြီးတော့ လုံခြုံမှု အရဆိုရင်လည်း ချင်းပြည်နယ်မှာ တိုက်ပွဲလည်း မရှိဘူး။ ဘာပြဿနာမှ လည်း မရှိဘူး” ဟု ပြောသည်။
တပြိုင်တည်း အပစ်ရပ်ခဲ့ကြသော ၈ ဖွဲ့အနက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား အခြားအဖွဲ့များကို ပြုလုပ်ခွင့် ပေးပြီး ၎င်းတို့ ၂ ဖွဲ့ကို အချိန်မီ ပြုလုပ်ခွင့် မပြုခဲ့သဖြင့် ခွဲခြားဆက်ဆံမှု ခံနေရသည်ဟု ခံစားနေရကြောင်း ဆိုသည်။
ဒေါ်စောမြရာဇာလင်း က “တိုက်ရိုက်ပယ်ချတယ်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အချိန် မလောက်နိုင်ဘူးဆိုပြီးတော့မှ နိုင်ငံတော် အတိုင်ပင်ခံက ပြောတာရှိတယ်။ အားလုံး နေရာမှာတော့ ကျင်းပရမှာပဲ။ ဘယ် အဖွဲ့ အစည်းကိုမှ ချန်မထားဘူး ဆိုပြီးတော့မှ ပြောတယ်။ ဒါပေမယ့် ကျမတို့ ပြောချင်တာက မျက်နှာကြီးရင် ကြည့်တာ မကောင်းဘူး။ မိဘဆိုရင် သားသမီးချင်း အတူတူကို တန်းတူညီမျှ ကြည့်ဖို့ လိုတယ်။ အားနည်းနေတဲ့ လူကို ပိုပြီးတော့ အားပေးရမှာ” ဟု ပြောသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အဆင်သင့်မဖြစ်၍ ဟူသော အကြောင်းပြချက်မှာ မဖြစ်သင့်ကြောင်း လွတ်လွတ် လပ်လပ် လုပ်ခွင့်ရှိသင့်ကြောင်း၊ တပြိုင်တည်း လက်မှတ် ထိုးထားသော အဖွဲ့ချင်းအတူတူ တန်းတူ အခွင့် အရေး ပေးသင့်ကြောင်း UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ အတွင်းရေးမှူး စိုင်းကျော်ညွှန့် က ပြောသည်။
စိုင်းကျော်ညွှန့် က “လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ အချင်းချင်း KNU ကြတော့ လုပ်လို့ရတယ်။ CNF က လုပ်လို့မရ ဘူး။ ALP ကလုပ်လို့ မရသေးဘူး။ ဟိုအဖွဲ့ဒီအဖွဲ့က လုပ်လို့ရတယ်။ တချို့ကတော့ လုပ်လို့မရဘူးဆိုရင် သိပ်တော့ အဆင် မပြေဘူးပေါ့ဗျာ။ လက်မှတ်ရေးထိုးထားသူချင်း အတူတူဆိုရင်တော့ဖြင့် ဒါက တူညီတဲ့ အခွင့်အရေးတော့ ရသင့်တာပေါ့ ဗျာ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိသွားနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် NCA လက်မှတ်မထိုးသေးသော အဖွဲ့များကလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေမည်ဖြစ်၍ လုပ်ဆောင်ချက်များက အဆင်မပြေမှုများဖြစ်ပေါ်လျှင် ထိုအခြေအနေများက အပစ်မရပ်သေး သော အဖွဲ့များ အပေါ်တွင်လည်း တစုံတရာ ရိုက်ခတ်မှုများ ရှိလိမ့်မည်ဟု စိုင်းကျော်ညွှန့်က ပြောဆိုသည်။