တက္ကသိုလ်ဝင်တန်းမှ လွဲ၍ အခြေခံပညာ အဆင့် ကျောင်းသားများ၏ အတန်းတင်စနစ်ကို စာမေးပွဲ တခု တည်း အပေါ် မူတည်ဆုံးဖြတ်မည် မဟုတ်ဘဲ တနှစ်လုံး အကဲဖြတ် စောင့်ကြည့်သည့် စနစ်ဖြင့် အစား ထိုးသွားမည် ဖြစ်ကြောင်း နေပြည်တော် ပညာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
“နှစ်ဆုံး စာမေးပွဲ၊ အခန်းဆုံး စာမေးပွဲနဲ့ တဦးချင်းရဲ့ ဘက်စုံ အရည်အချင်းတွေ အပေါ်မှာ အကဲဖြတ်ရမယ့် စနစ်ပါ။ အတန်းတင် စာမေးပွဲတခုတည်းကိုပဲ ကြည့်ရမှာမျိုး မဟုတ်တော့ဘူး”ဟု ပညာရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ ခိုင်မြဲက ဧရာဝတီသို့ ပြောသည်။
ယခုစနစ်သစ်အရ ကျောင်းသားများ အနေဖြင့် စာတမျိုးတည်းသာ ထူးချွန်နေခြင်းထက် မိဘ၊ ရပ်ရွာနှင့် ကျောင်း လုပ်ငန်းများတွင် ပုူးပေါင်းဆောင်ရွက်မှုများ ရှိရန်လိုအပ်လာမည် ဖြစ်ကြောင်း၊ ဆရာများကလည်း ကျောင်းသားတဦးချင်းစီ၏ အရည်အချင်းကို နှစ်စ၊ နှစ်ဆုံး စောင့်ကြည့် အကဲဖြတ်ရမည် ဖြစ်ကြောင်း နေပြည်တော် ပညာရေး ဝန်ကြီးဌာနမှ အမျိုးသမီး ပညာရေး အရာရှိတဦးက ပြောသည်။
“ဥပမာ တနှစ်လုံး စာမေးပွဲ ၅ ကြိမ် စစ်မယ်။ အဲဒီ ၅ ကြိမ် စလုံးက ရမှတ်ပေါင်းတွေကိုု ပျမ်းမျှယူပြီး Grade A , B , C , D သတ်မှတ်မယ်။ အဲဒီက ၆၀ ရာခိုင်နှုန်း အမှတ်ယူမယ်။ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက ကျောင်းသား တဦးချင်းစီရဲ့ စွမ်းဆောင်ရည် အပေါ်မှာ မူတည်တယ်”ဟု ယင်းပညာရေး အရာရှိက ပြောသည်။
ထို့ကြောင့် ကျောင်းသားများသည် နှစ်ဆုံးစာမေးပွဲအနီးတွင် ဖျား၊ နာ နေမကောင်း ဖြစ်ခြင်းမျိုး ရှိပါကလည်း စိတ်ပူရန် မလိုတော့ဘဲ ကျောင်းသားများ နစ်နာမှု မရှိစေရန် စဉ်စားပေးခြင်း ဖြစ်ကြောင်း၊ ယခု စနစ်သစ်ကို ပညာရေး ဝန်ကြီးဌာနနှင့် ပညာရှင်အဖွဲ့များ ပူးပေါင်းရေးဆွဲခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“နောက် ကုစားတယ် ဆိုတာမျိုး မရှိတော့ဘူး။ ပြန်လည် ဖြည့်ဆည်း သင်ကြားပေးတာမျိုးတော့ လုပ်မယ်။ အဓိကတော့ ဒီစနစ်ကို ၄ တန်းနဲ့ ၈ တန်းတွေမှာ အောင်မြင်အောင် အရင်လုပ်ရမယ်”ဟု နေပြည်တော် ပညာရေး ဝန်ကြီး ဌာန၊ အခြေခံ ပညာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးအဆင့်ရှိ တာဝန်ရှိသူ တဦးက ပြောသည်။
ထိုသို့ တနှစ်လုံး အကဲဖြတ် စောင့်ကြည့်ရမည့် ပညာရေး စနစ်သို့ ပြောင်းလဲရန် ဇန်နဝါရီလ ၂၆၊ ၂၇ ရက် များက နေပြည်တော်သို့ ပြည်နယ်နှင့် တိုင်း ပညာရေးမှူးများ၊ ခရိုင် ပညာရေးမှူးများကို ဖိတ်ခေါ်၍ လုပ်ငန်း လမ်း ညွှန်ချက်များ ချမှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
“လုပ်ငန်းလမ်းညွှန်ချပေးလိုက်ပြီဆိုတော့ အကောင်အထည်ဖော်လို့ရပြီ။ ဒီနှစ်မီရင်လည်း ဒီနှစ်မှာ စလုပ်လို့ ရတယ်။ ပြီးတော့ ၄ တန်းနဲ့ ၈ တန်းကို မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနရဲ့ မေးခွန်းအဆင့် လုပ်ဖိုု့ သတ်မှတ် ထားတယ်။ မေးခွန်းကတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်မှာပဲ ထုတ်ရမှာပါ”ဟု ယင်းပညာရေး အရာရှိက ပြောသည်။
နှစ်ဆုံး စာမေးပွဲတွင် ဘာသာရပ် အားလုံးတွင် Grade A,B,C ရပါက အောင်မြင်သည်ဟု သတ်မှတ်ရန်၊ Grade D ရပါက ကျရှုံးသူဟု သတ်မှတ်ရန်၊ ပျမ်းမျှ အမှတ်ပေါင်းစနစ်အရ ကျရှုံးသူများကိုလည်း Moder ation (ပြန်လည်စိစစ်ကွပ်ကဲပြီး အားနည်းချက်များကို ပြင်ဆင်စေခြင်း) ပြုလုပ်ပေးရန် ပညာရေး ဝန်ကြီးဌာန၏ အောင်/ရှုံး မူကြမ်း စနစ်တွင် ဖော်ပြထားသည်။
ထို့ပြင် ကျောင်းသားများ၏ စွမ်းဆောင်ရည် လစဉ် Grade များကို မိဘများ သိရှိအောင် လက်မှတ်ရေး ထိုးခိုင်းရန်လည်း ပညာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
Grade သတ်မှတ်ချက်များမှာ အမှတ် ၈၀ နှင့် အထက်ကို Grade A ၊ အမှတ် ၈၀ မှ ၅၉ မှတ်အထိ Grade B ၊ အမှတ် ၄၀ မှ ၅၉ မှတ်အထိ Grade C နှင့် အမှတ် ၄၀ အောက်ကို Grade D အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာတနိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းသားဦးရေ ၉ သန်းခန့်၊ ဆရာဦးရေ ၄ သိန်းနီးပါးနှင့် ကျောင်း ပေါင်း ၄၅၉၈၁ ကျောင်း ရှိကြောင်း နေပြည်တော် အခြေခံပညာ ဦးစီးဌာန၊ ကြီးကြပ် အကဲဖြတ်ဌာနမှ သိရသည်။