မန္တလေးတောင်ခြေရှိ “သုဓမ္မာဇရပ်တန်း” ကို သံပန်း၊သံတံခါးအကာအရံများ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ကျောက်တော်ကြီးဘုရား ဂေါပက ဥက္ကဌ ဦးကျော်ဝင်းက ဧရာဝတီကို ပြောသည်။
“ ဒီဇရပ်တွေပေါ်မှာ ညပိုင်းမတော်တရော် ဝင်လုပ်နေကြတော့ အများအမြင်မှာလည်း မသင့်တော်သလို ရှေးဟောင်းအဆောက်အအုံတခုကို ကာကွယ်ထိန်းသိမ်းဖို့အတွက် အခုလို စီစဉ်တာပါ” ဟု ၎င်းက ဆိုသည်။
မန္တလေးတောင်ခြေ ကျုံးမြောက်ဘက်ထောင့် ၆၆ လမ်းနှင့် ၁၂ လမ်းထောင့်ရှိ သုဓမ္မာဇရပ်တန်းသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀ ကျော် ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) ၏ ထိန်းသိမ်းမှုအောက်ရှိ ရှေးဟောင်းအဆောက်အအုံတခု ဖြစ်သည်။
သုဓမ္မာဇရပ်တန်းကို သာသနိကနယ်မြေအဖြစ် သတ်မှတ်ထားရှိနိုင်ရန် ဇရပ်ဆောင် ၁၉ ဆောင်ကို သံပန်း၊ သံတံခါးများဖြင့် ကာရန်သွားရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနတို့ထံ တင်ပြီး ခွင့်ပြုချက်ရမှသာ ဆောင်ရွက်မည်ဟု ဦးကျော်ဝင်းက ဆက်ပြောသည်။
ဇရပ်များကို သံတံခါးကာရံမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဇုန်) ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက “ ဒီဇရပ်ကြီးတွေ တည်ဆောက်ခဲ့တဲ့ အလှူရှင်ရဲ့ ရည်ရွယ်ချက်က အများပြည်သူ အပန်းဖြေ အနားယူနိုင်ဖို့ဖြစ်တဲ့အတွက် မူလရည်ရွယ်ချက်၊ ရည်မှန်းချက်ကို ထိခိုက်လို့ မရဘူး။ ဂေါပကအဖွဲ့က တင်ပြလာခဲ့ရင် အဲဒီအချက်တွေကို အခြေခံပြီး စဉ်းစားဆုံးဖြတ်မှာပါ” ဟု ပြောသည်။
ရှေးယခင်က နှစ်စဉ် နယုန်လရောက်တိုင်း စာပြန်ပွဲကို မန္တလေးတောင်ခြေ သတ္တဌာနရှိ သုဓမ္မာဇရပ်တော်တွင် ကျင်းပခဲ့ရာ သုဓမ္မာဇရပ်တန်းသည် စာပြန်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် တပြည်လုံးမှ ရဟန်း၊ သံဃာတော်များ၊ ၎င်းတို့၏ ဆွေမျိုးများ တည်းခိုနားနေရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။