ကချင်စစ်ဘေး ဒုက္ခသည်များအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးအပ်သည့် ထောက် ပံ့ငွေကျပ် သိန်း ၃၀၀၀ ကို အလေအလွင့်မရှိဘဲ အမှန်တကယ်ထိရောက်စွာ စီမံခန့်ခွဲ၍သုံးစွဲရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။
ယင်းသို့ စီစဉ် ဆောင်ရွက်နေသည်ဟု လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဧရာဝတီ သို့ ပြောပြခြင်း ဖြစ်သည်။
ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀၀ သည် ဖေဖော်ဝါရီလ ၂ ရက်က နေပြည်တော်၌ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေး ဒုက္ခသည်များကို အကူအညီပေးရန်အတွက် ဒေါက်တာ ဝင်းမြတ်အေး ကို အခမ်းအနားဖြင့် လွှဲပြောင်း ပေးအပ်ထားခြင်း ဖြစ်သည်။
ဒေါက်တာ ဝင်းမြတ်အေးက “ထိထိရောက်ရောက် အကျိုးရှိဖို့ တစက်မှ မလေလွင့်ဘဲ တိုက်ရိုက်အကျိုးရှိမယ့် လုပ်ငန်း ကို ကျနော်တို့ စဉ်းစားနေတယ်။ ရော့ဆိုပြီး အပုံလိုက်ကြီး သွားပေးရင် တကယ်အကျိုးရှိလား၊ မရှိလား ဆိုတာ ရှိ တယ်။ ထိရောက်တဲ့ စီမံခန့်ခွဲတဲ့ နည်းစနစ်ကို အသုံးပြုမယ်။ ကျနော်တို့ လူမှုကယ်ဆယ်က စီမံခန့်ခွဲမှု ပုံစံတွေကို ပြောင်းလဲ နေပါပြီ”ဟု ပြောသည်။
ယခင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်) တွင် ဝန်ထမ်း မလုံလောက် သဖြင့် ပြည်သူများကို ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ရာတွင် အခြားဌာနတခုသို့ တဆင့်ပေးခိုင်း ရ ကြောင်း၊ ယခုအခါ ကိုယ်တိုင်ကွင်းဆင်းပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း လူကယ်ပြန်ဌာနမှ ဝန်ထမ်း များက စစ်ဘေး ဒုက္ခသည်စခန်း များကို ကွင်းဆင်းနေကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုသည်။
၎င်းက “ဒါကြီးကို ကျနော်တို့ မြန်မြန်ဝေပစ်မယ်ဆိုပြီး စိတ်ကူးတယ်။ သိန်း ဘယ်နှထောင်ကုန်မယ် လူဘယ်နှယောက် အတွက်ဆိုပြီး အကုန်တွက်ပြီးပြီ။ ဒါပေမယ့် ရေရှည်ဖွံ့ဖြိုးရေးက ပိုမကောင်းဘူးလားလို့ ပြန်စဉ်းစားတယ်။ ရိက္ခာတွေ ကို ဝေတော့ ဝေပါမယ်။ ထိရောက်တဲ့ နည်းနဲ့ တကယ့်ကို ဒုက္ခရောက်တဲ့ လူလက်ထဲ ရောက်ဖို့ လိုတယ်”ဟုလည်း ပြော သည်။
ဆက်လက်ပြီး ဒေါက်တာ ဝင်းမြတ်အေးက စစ်ရှောင်များ အနေဖြင့် စစ်ရှောင်စခန်းများတွင် ရေရှည်နေထိုင်ခြင်း က မဖြစ်သင့်ကြောင်း၊ စစ်ရှောင်စခန်းရှိသည့် နေရာများသည် ၎င်းတို့ ရပ်ရွာ လုပ်ကိုင် စားသောက်သည့် နေရာ မဟုတ် သည် က စစ်ရှောင်များ ဖွံ့ဖြိုးရေးအတွက် အခက်အအခဲ ရှိကြောင်း၊ လတ်တလောတွင် လူသားခြင်း စာနာ ထောက် ထား မှု ဆိုင်ရာ အကူအညီများ ကူညီမည်ဖြစ်ပြီး နေရပ်ပြန်နိုင်ရေး အတွက်လည်း ကချင်ပြည်နယ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဌာန တာဝန်ရှိသူများ နှင့် ညှိနှိုင်း၍ ဆက်လက် လုပ်ဆောင်သွားရန် စဉ်းစားထားကြောင်း ပြောပြသည်။
ထောက်ပံ့ငွေ ပေးအပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ငွေများကို နယ်မြေ လုံခြုံရေးအရ ကယ်ဆယ်ရေး စခန်းများ တွင် ခေတ္တရွှေ့ပြောင်း နေထိုင်နေရသူများ အတွက် ထောက်ပံ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ကယ်ဆယ်ရေး စခန်းများ ကို ထောက်ပံ့ရာတွင် ကျန်းမာရေး၊ နေ့စဉ် စားသောက်ရေး တို့ကို ဦးစားပေးကာ ကလေးသူငယ်များ ပညာရေး ဆက် လက် သင်ယူနိုင်ရန်လည်း ကူညီပေးရမည်ဟု ပြောဆိုထားသည်။
စစ်ဘေး ဒုက္ခသည်များကို ထောက်ပံ့မှုများ ပြုလုပ်ရန် အတွက် ဝန်ကြီးဌာနက စစ်ရှောင်စခန်း အရေအတွက်၊ လူဦးရေ အရေ အတွက်များ ကောက်ယူထားပြီး ဒုက္ခသည်များကို ကူညီနေသည့် ကချင် လူမှုအဖွဲ့အစည်းများ၏ အဆက် အသွယ် များကိုလည်း စာရင်းပြုလုပ်ထားပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောသည်။
လတ်တလော ရရှိထားသည့် သိန်း ၃၀၀၀ အပြင် ကချင်စစ်ဘေး ဒုက္ခသည်များအတွက် ရန်ပုံငွေ မည်မျှရှိသလဲ ဟု မေးမြန်းရာတွင် ဒေါက်တာ ဝင်းမြတ်အေးက ဆောင်ရွက်နေကြောင်း၊ လုပ်ငန်းများကို စတင် ဆောင်ရွက်လာပါက အသေးစိတ် ထုတ်ပြန်မည် ဖြစ်ကြောင်း ပြောဆို၍ ရန်ပုံငွေနှင့် ပတ်သက်ပြီး တိကျသည့် အဖြေပြန်လည် မပေးခဲ့ပါ။
စစ်ဘေး ဒုက္ခသည်များကို ၂၀၁၁ ခုနှစ်မှ စ၍ ယနေ့အထိ ကူညီပေးနေသည့် ကချင် အရပ်ဘက်အဖွဲ့အစည်းများ မှ တာဝန်ရှိသူ တချို့ကို မေးမြန်းရာမှာတော့ ဒုက္ခသည်များနှင့် ပတ်သက်၍ အစိုးရ၏ အစီအစဉ်များသည် လက်တွေ့ မြေပြင် အခြေအနေနှင့် ကိုက်ညီမှု မရှိကြောင်း၊ စားနပ် ရိက္ခာ ထောက်ပံ့ပေးခြင်း မဟုတ်ဘဲ နေရပ်ပြန်ပို့မည် ဟူသည့် အချက် သည်လည်း လက်ရှိအခြေအနေတွင် မဖြစ်နိုင်ကြောင်း ပြောဆို ကြသည်။
ဒုက္ခသည်များကို ကူညီနေသူတဦးဖြစ်သည့် Myu Sha Zinlum အဖွဲ့မှ ပြောရေးဆိုုခွင့်ရှိသူ ဦးနန်းဇိမ်းလဂျာ က “ငွေသိန်း ၃၀၀၀ ဆိုတာက ဒုက္ခသည်စခန်း တခုတည်းမှာ နေရပ်ပြန်ရေး ကဏ္ဍတခုတည်း အတွက် လုပ်ရင်တောင် မလောက်နိုင်ဘူး။ အင်မတန်မှ နည်းတဲ့ နှမ်းဖြူးသလိုတောင် မဟုတ်တဲ့ Amount လေးပါ။ အဲ့ဒီလောက်လေး နဲ့တော့ ကျနော်တို့ မပျော်ရွှင်ပါဘူး”ဟု ပြောသည်။
ဝန်ကြီးဌာနက လုပ်ဆောင်မည့် ဒုက္ခသည်များ နေရပ်ပြန်ရေး အစီအစဉ်ကို မလုပ်ဆောင်မီ တိုက်ပွဲဖြစ်နေကြသည့် နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့များက လုံခြုံရေးကို မည်မျှ အာမခံချက် ပေးနိုင်သည်ကို အစိုးရက ရရှိရန် လုပ်ပြီးမှသာ လျှင် နေရပ်ပြန်ရေး ကိစ္စကို စဉ်းစားသင့်ကြောင်း ဦးနန်းဇိမ်းလဂျာက ဆိုသည်။
ဆက်လက်ပြီး ၎င်းက “ နှစ်ဖက် လက်နက်ကိုင် အဖွဲ့တွေက သေချာ တိကျပြတ်သားတဲ့ အာမခံချက် မပေးနိုင်ဘူး ဆိုရင် ဘာလို့ ဒုက္ခသည် တွေကို နေရပ်ပြန်ရေးအတွက် ကြိုးစား နေတာတွေက Activity တခုသက်သက်ပဲ ဖြစ်လိမ့် မယ်။ ဒုက္ခသည် တွေရဲ့ ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချမှု ရှိရှိ အပြန်တော့ မဖြစ်နိုင်ဘူး”ဟုလည်း ပြောဆိုသည်။
ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ကြား ၂၀၁၁ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရသည့် ဒုက္ခသည် တသိန်းကျော် ရှိကြောင်း သိရသည်။
စစ်ရှောင် ဒုက္ခသည်စခန်း စုစုပေါင်း ၁၆၃ ခု ရှိရာ စခန်း ၁၃၀ ကျော်သည် အစိုးရထိန်းချုပ်နယ်မြေအတွင်း ရှိပြီး ၃၀ ကျော်သည် KIA ထိန်းချုပ် နယ်မြေအတွင်း ရှိကြောင်း သိရသည်။
စစ်ဘေး ဒုက္ခသည် ဦးရေ ၇၀,၀၀၀ ကျော်သည် အစိုးရ ထိန်းချုပ် နယ်မြေအတွင်းရှိ စစ်ရှောင် စခန်းများတွင် ရှိပြီး ဒုက္ခသည် ၆၀,၀၀၀ ဝန်းကျင်သည် KIA ထိန်းချုပ် နယ်မြေအတွင်းရှိ စစ်ရှောင် စခန်းများတွင် နေထိုင်လျက်ရှိသည်ဟု ဆိုသည်။
၂၀၁၆ ခုနှစ် သြဂုတ်လမှ ၂၀၁၇ ဇန်နဝါရီလ အထိ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဆက်တိုက် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲများကြောင့်လည်း ဇိုင်းအောင်၊ ခေါင်ရှောင်နှင့် မဂ့ါယန် စစ်ရှောင် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ ထပ်မံထွက်ပြေးခဲ့ရပြီး KIA ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေး ဒုက္ခသည် ၅၅၀၀ ကျော် ထပ်မံ တိုးလာခဲ့ကြောင်း၊ အစိုးရ ထိန်းချုပ် နယ်မြေအတွင်း စစ်ဘေး ဒုက္ခသည် ၇၀၀ ကျော် တိုးလာကြောင်း သိရသည်။
စတင် စစ်ရှောင်စဉ်မှ ယနေ့ အထိ စစ်ဘေး ဒုက္ခသည်များကို အဓိက စားနပ်ရိက္ခာ ထောက်ပံ့ပေးသည်မှာ ကချင် အရပ်ဘက် အဖွဲ့အစည်းမှတဆင့် ကမ္ဘာ့စားနပ်ရိက္ခာ (WFP) နှင့် နိုင်ငံတကာ အလှူရှင်များက ထောက်ပံ့ပြီး နှစ်ခြင်း အသင်းတော်၊ ကတ်သလစ် အသင်းတော် စသည့် ဘာသာရေး အဖွဲ့အစည်းများကလည်း ထောက်ပံ့လျက် ရှိသည်။
KIA ထိန်းချုပ် နယ်မြေအတွင်းရှိ စစ်ဘေး ဒုက္ခသည်များကို အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပံ့သည့် အပြင် KIA မှ ဖွဲ့စည်း ပေးထားသည့် စစ်ဘေး ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး ကော်မတီ (IRRC) ကလည်း ကူညီ ထောက်ပံ့လျက် ရှိသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကလည်း စစ်ရှောင်စခန်းသို့ လာရောက်ပြီး အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့မှု ရှိသည်ဟုလည်း သိရသည်။