မြန်မာနိုင်ငံတွင် ကျွမ်းကျင်မှုအဆင့်ရှိ အလုပ်သမားများ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှု ရာခိုင်နှုန်းမြင့်မားနေကြောင်း Jobnet.com.mm စစ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ လုပ်ငန်းခွင်စိတ်ဖိစီးမှုဆိုင်ရာစစ်တမ်းတွင် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပရော်ဖက်ရှင်နယ်အဆင့် အလုပ်သမား ၉၅ ရာခိုင်နှုန်းသည် လုပ်ငန်းခွင် စိတ်ဖိစီးမှု ရှိနေကြောင်း ဖြေဆိုခဲ့ကြသည်ဟု ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။
လုပ်ငန်းခွင်စိတ်ဖိစီးမှုရှိနေသူများ၏ ၃၁ ဒသမ ၇ ရာခိုင်နှုန်းသည် လစာဝင်ငွေကြောင့် ဖြစ်သည်ဟု ဖြေဆိုခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာမှ ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ လာရောက်အလုပ်လုပ်ကိုင်နေသည့် အင်ဂျင်နီယာတဦးဖြစ်သူ ကိုမိုးမြင့်က “ထိုက်သင့်တဲ့လစာနဲ့ နေ့စဉ်ကုန်ကျစရိတ်က မမျှတတော့ အလုပ်ထဲမှာ အင်တိုက်အားတိုက် မလုပ်နိုင်ဘူး။ ဒါကြောင့် လစာက အဓိကကျတယ်။ အခုဆို သွားလာရေးကလည်း အဆင်မပြေဘူး၊ အလုပ်ရောက်တော့လည်း ကိုယ့်အထက်လူကြီးက အလုပ်အမြန်ပြီးရေး ဖိအားပေးခံရနဲ့ ဒါတွေက ရှောင်လွဲလို့ရတယ်။ ဝင်ငွေထွက်ငွေအားလုံး ဟန်ချက်ညီလာရင်တော့ ပိုကောင်းတာပေါ့ဗျာ” ဟု ပြောသည်။
မြန်မာ့လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုရှိသူ ၉၅ ရာခိုင်နှုန်း ရှိနေခြင်းမှာ ဒေသတွင်းနိုင်ငံများ၌ အများဆုံး ရာခိုင်နှုန်း ဖြစ်နေပြီး၊ အလုပ်သမားများ လုပ်ငန်းခွင်ဖိစီးမှု ရာခိုင်နှုန်း ကြီးမြင့်နေမှုကို သုံးသပ်ဖြေရှင်းရန် လိုအပ်နေကြောင်း Jobnet.com.mm က ထောက်ပြထားသည်။
ကျွမ်းကျင်အဆင့်ရှိ အလုပ်သမားများအား ကောက်ယူခဲ့သည့် စစ်တမ်း၌ စိတ်ဖိစီးမှုများစေသော အချက်များတွင် လုပ်ကိုင်ရသော အလုပ်ပမာဏ၊ အထက်လူကြီး၊ ကန့်သတ်ချိန်များအတွင်း ပြီးစီးအောင် လုပ်ကိုင်ရခြင်း၊ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစု ရေးရာများ၊ လစာဝင်ငွေ၊ လမ်းကြောကြပ်တည်းခြင်းနှင့် ကျန်းမာရေး မကောင်းခြင်း စသည့်အချက်များကို ထည့်သွင်းကောက်ယူခဲ့သည်။ ထိုအချက်များထဲတွင် လစာဝင်ငွေကြောင့် စိတ်ဖိစီးမှုရှိကြောင်း ဖြေဆိုသူ ၃၁ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး အများဆုံး ဖြစ်နေသည်ဟု ဖော်ပြထားသည်။
Jobnet.com.mm ကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့ အခြေစိုက် အလုပ်အကိုင် ရှာဖွေရေးဝက်ဆိုက် တခုဖြစ်သည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်နှင့် အခြားမြို့ကြီးများရှိ အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ပြပေးနေသည့် အလုပ်အကိုင်ရှာဖွေရေး ဝက်စ်ဆိုက်တခုဖြစ်သည်။