မလေးရှားနိုင်ငံမှ ပေးပို့သည့် ထောက်ပံ့ပစ္စည်းများကို မောင်တောဒေသရှိ အကြမ်းဖက် အန္တရာယ် ခံစားခဲ့ရသူများ အားလုံးခွဲဝေ ထောက်ပံ့မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
ဒေါက်တာ ဝင်းမြတ်အေးက “ဒီပစ္စည်းတွေက အကြမ်းဖက်မှုအတွင်း ခံစားခဲ့ရတဲ့ ဒေသခံတွေ အားလုံး အတွက်ပါ၊ တစုတဖွဲ့တည်း အတွက် မဟုတ်ဘူးဆိုတာကို မလေးရှား သံအမတ်ကြီး ကိုလည်း ပြောထားပြီးပါပြီ”ဟု ပြောပြသည်။
ရခိုင်ပြည်နယ် မောင်တောဒေသသို့ ထောက်ပံ့ရေးပစ္စည်းများ လာရောက်ပို့ဆောင်သည့် မလေးရှား ထောက်ပံ့ရေး သင်္ဘော NAUTICAL ALIYA သည် ယနေ့နေ့လယ် ၂ နာရီခွဲခန့်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဒုဝန်ကြီးက ထောက်ပံ့ပစ္စည်းများ လွဲပြောင်းပေးအပ်မှုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က လက်ခံရယူခဲ့ခြင်း ဖြစ်သည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီအနေဖြင့် မလေးရှားနိုင်ငံမှ ဆန်တန်ချိန် ၃၀၀ အပြင် ရေနှင့် အခြားသော ပစ္စည်းများ စုစုပေါင်း ကျပ်သိန်း ၃၀၀၀ ကျော်ဖို့ရှိကြောင်း သိရပြီး မကြာမီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်သို့ တပ်မတော် မှ ရေယာဉ်များဖြင့် သယ်သူ ပို့ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် မောင်တောဒေသသို့ အာဆီယံဒေသတွင်း ကူညီထောက်ပံ့မှု အနေဖြင့် အင်ဒိုနီးရှား နိုင်ငံ ပြီးနောက် မလေးရှားနိုင်ငံသည် ဒုတိယမြောက် နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံမှလည်း ငွေကြေး ထောက်ပံ့မှုပြုလုပ် ထား ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနက သိရသည်။
ထောက်ပံ့ရေး သင်္ဘောသည် မလေးရှားနိုင်ငံမှ ဖေဖော်ဝါရီ ၃ ရက်နေ့က ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး မြန်မာ့ ရေပိုင်နက် အတွင်း ရောက်ရှိလာချိန်တွင် တပ်မတော်ရေမှ စစ်ရေယာဉ် တစီးဖြင့် လိုက်ပါ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ရေး သင်္ဘောပေါ်တွင် နိုင်ငံ ၁၂ နိုင်ငံမှ စေတနာ့ဝန်ထမ်း ၂၀၀ ခန့် လိုက်ပါလာကြောင်း သိရပြီး ဆိပ်ကမ်း ပေါ်သို့ လူ ၃၀ သာ ဆင်းခွင့်ပြုထားကြောင်းလည်း သိရသည်။