ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်၌ သူနာပြုဆရာမ အမျိုးသမီးငယ် တဦးကို ဖေဖော်ဝါရီလ ၉ ရက်က ဓားဖြင့် ၁၉ ချက်ထိုးပြီး သတ်သွားသဖြင့် မြစ်ကြီးနားရဲစခန်းတွင် လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်ထားသည်။
မြစ်ကြီးနားမြို့ ရဲစခန်းမှ ရဲမှူး ဦးသန်းဦးက “တယောက်တည်းက စိတ်ဒဏ်ရာနဲ့ လုပ်သွားတဲ့ ပုံစံမျိုးပါ။ ဒဏ်ရာ အားလုံး ၁၉ ချက်ပါ။ အရှေ့မှာ ၁၇ ချက်၊ အနောက်မှာ ၂ချက်ပါ”ဟု ပြောသည်။
အသတ်ခံရသူမှာ မလိဆန့်ပန်ဟု အမည်ရှိသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သူနာပြုဆရာမ တဦးဖြစ်ကာ အရပ်ဘက် အဖွဲ့အစည်းများတွင် ကူညီဆောင်ရွက်နေပြီး လူ့အခွင့်အရေး တတ်ကြွလှုပ်ရှား သူ လူငယ်တဦးလည်း ဖြစ်သည်။
သေဆုံးသွားသူမှာ ဖေဖော်ဝါရီလ ၉ ရက် နေ့လည်ပိုင်းတွင် ကြက်ပေါင်ခြံရပ်ကွက်ရှိ ၎င်း၏ ဦးလေး တော်စပ်သူ နေအိမ် ဈေးဆိုင်တွင် ဆိုင်စောင့်နေစဉ် အသတ်ခံရခြင်း ဖြစ်သည်။
ကချင်လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် ဒေါ်နမ်ပူက “ သူ့အိမ်နီးနားချင်းတွေက နေ့လည် ၂ နာရီ လောက်မှာ ကောင်လေးတွေနဲ့ စကားပြောနေတာ တွေ့တယ်။ နောက် ဆိုင်တံခါး စောစောပိတ်ထားလို့ တမျိုးပဲပေါ့။ သူ့ဦးလေးတွေ ပြန်လာတော့ ညနေ ၅ နာရီမှာ အခုလို ဖြစ်နေတာကို တွေ့တာပါ” ဟု ပြောသည်။
မလိဆန့်ပန်၏ ရုပ်အလောင်းကို မြစ်ကြီးနားမြို့၊ ရင်ခွဲရုံတွင် ဆရာဝန်များက ခွဲစိတ်ပြီး ခန္ဒာဗေဒအရ သေဆုံးရခြင်း အကြောင်းအရာများကို အဖြေရှာထားသည်ဟုလည်း သိရသည်။
မလိဆန့်ပန် ၏ မိသားစုနှင့် အတူ ရင်ခွဲရုံတွင် စောင့်ဆိုင်းနေသည့် Myu Sha Zinlum အဖွဲ့မှ ဦးကောန်ဇော်ဂျက်က “သူ့အမေလည်း ရောက်ပြီ။ အခုရင်ခွဲရုံမှာ အဖြေတွေ သိရဖို့ ကျနော်တို့ စောင့်နေပါတယ်။ အတိအကျကို ကျနော်တို့ အသေးစိတ် မသိရသေးပါဘူး”ဟု ပြောသည်။
ဦးကောန်ဇော်ဂျက်၏ ပြောဆိုချက်အရ မလိဆန့်ပန်မှာ လက်ရှိတွင် ရန်ကုန်မြို့ရှိ NGO တခုတွင် အလုပ်လျှောက်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
ဗြိတိန်နိုင်ငံ အခြေစိုက်ပြီး နိုင်ငံရေး၊ စီးပွားရေးအရ တရားမျှတမှု မရှိခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းပြီး ချို့တဲ့သူများကို ကျန်းမာရေးထောက်ပံ့မှုနှင့် အာဟာရ ထောက်ပံံမှုများ ပေးသည့် HPA ( Heath Poverty Action ) အမည်ရှိ NGO မှာ အလုပ်လုပ်ဖူးသည်ဟု သိရသည်။
HPA သည် ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ကြောင့် ပြေးလွှားနေရသော စစ်ရှောင်ဒုက္ခသည်များကို ကျန်းမာရေး ထောက်ပံ့မှုတွေ အပြင် ရိက္ခာထောက်ပံ့မှုတွေ ပြုပေးနေသည်။
အဆိုပါ အမျိုးသမီးငယ် သေဆုံးမှုနှင့် ပတ်သတ်၍ မုဒိမ်းမှုဖြစ်နိုင်ကြောင်း ပြောဆိုဝေဖန်မှုများ လူမှု ကွန်ရက်တွင် ပျံ့နှံ့နေပြီး သတ်သွားသူမှာ အုပ်စုဖွဲ့ ယောက်ျားလေးများ ဖြစ်သည်ဟုလည်း ကောလဟာလများ ပျံ့နှံ့နေသည်။
ရဲမှူး ဦးသန်းဦးကမူ “မုဒိမ်းနဲ့ ပတ်သတ်တာ မတွေ့ရှိဘူး။ ၉ နာရီ ၄၅ ကနေ ၁၁ နာရီအထိ ရင်ခွဲရုံမှာ ဆရာဝန်ကြီး နဲ့ ခွဲစိတ်ပါတယ်။ ဘာမှ မရှိပါဘူး။ မုဒိမ်းမှု ဖြစ်ထားတာ မဟုတ်ပါဘူး”ဟု အတည်ပြု ပြောဆိုသည်။
ရဲတပ်ဖွဲ့မှ သတ်သွားသူမှာ မည်သူမည်ဝါမှန်း မသိသေးသဖြင့် တရားခံကို ဖမ်းနိုင်ရန် အသတ်ခံရသူတွင် ရည်းစားမည်မျှရှိကြောင်း၊ ရန်ပြု နိုင်သည့်သူ မည်မျှရှိကြောင်း၊ ပတ်ဝန်းကျင်ကို အခြေခံ စုံစမ်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်ဟု ပြောသည်။