သတင်း

ရန်ကုန်တွင် တရားမဝင် သစ်များဖမ်းမိမှု အဓိက သံသယ တရားခံ ၂ ဦး မမိသေး

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ စက်မှုဆိပ်ကမ်းအတွင်းမှ စတင်ကာ တရားမဝင်သစ်များ တန် ၁၀၀၀ ကျော် ကွင်းဆက်ဖမ်းဆီး ရမိမှုတွင် အဓိကတရားခံအဖြစ် သံသယရှိသူနှစ်ဦး ထွက်ပြေး တိမ်းရှောင်နေဆဲ ဖြစ်ကြောင်း သစ်တော ဦးစီးဌာနက ပြောသည်။

ယင်းသစ်များ ဖမ်းဆီးရမိမှုသည် ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၈ ရက်အတွင်း ဖြစ်ကြောင်း သိရသည်။

သစ်တောဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်မင်းက “ကွင်းဆက်တွေ ဖော်ထုတ်ရာမှာ မိတဲ့နေရာတွေနဲ့ ဆက်စပ်ပြီးနောက်ကွယ်မှာ သူတို့နှစ်ယောက်ပဲဖြစ်နေတယ်၊ သစ်တွေကို ဂိုဏ်းတခုအသွင်နဲ့လုပ် နေတာလို့ ပြောလို့ ရတယ်၊ သစ်တွေက တန်ဖိုးလည်းများတဲ့အတွက် ငွေရှင်တွေလည်း ပါနိုင်ပြီး အဖွဲ့ကြီးတဖွဲ့ရှိ နေတယ်လို့ ယူဆရ တယ်” ဟု ပြောသည်။

အလုံမြို့နယ်ရှိ စက်မှုဆိပ်ကမ်းအတွင်း ဇန်နဝါရီ ၂၄ ရက်က ကွန်တိန်နာ ၂ လုံးဖြင့် ကျွန်းသစ်ခွဲသားများ ၃၃ တန် ကျော် ဖမ်းဆီး ရမိခဲ့ပြီး နောက် ကွင်းဆက် ဖော်ထုတ်မှုများအရ ဆိပ်ကမ်းတွင်ပင် ကွန်တိန်နာ ၁၁ လုံးအတွင်းမှ သစ်များ ထပ်မံဖမ်းဆီးရမိ ခဲ့ပြီး မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တို့ရှိ စက်ရုံခြံဝင်းများ အတွင်းကလည်း ဆက်တိုက်ဖမ်းဆီး ရမိခဲ့ ကြောင်း သိရသည်။

တရားမဝင်သစ်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍လည်း စက်ရုံပိုင်ရှင်များ၊ မန်နေဂျာများနှင့် တဆင့်ငှားရမ်း သူများ အားလုံး ကို သစ်တောဥပဒေ ပုဒ်မ ၄၃(က)/ ၄၂(ခ) တို့ဖြင့်မှု အမှုဖွင့်၍ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ကွင်းဆက်အမှုမှ နောက်ဆုံးဖမ်းမိမှု အနေဖြင့် ဖေဖော်ဝါရီ ၈ ရက်နေ့က လှိုင်သာယာမြို့နယ် စက်မှုဇုန် (၅) ရွှေယဉ်အေး ဘုရားလမ်းသွယ် (၄)၊ ခြံအမှတ် (၂၁) အတွင်း တရားမဝင် ကျွန်း ၂၄ တန်ကျော်၊ ပိတောက် ၉၆ တန် ကျော်နှင့် ကုက္ကိုသား ၄ တန်ခန့်၊ စုစုပေါင်း ၁၂၄ တန်ကျော်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ဖမ်းဆီးမှုများကို ပြုလုပ် လျက်ရှိကြောင်းလည်း သစ်တော ဦးစီးဌာနက ထုတ်ပြန်ထားသည်။

လှိုင်သာယာမြို့နယ်အတွင်း ဖေဖော်ဝါရီ ၅ ရက်နေ့က တရားမဝင်သစ်များ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ပါဝင် ပတ် သက်သူ ၅ ဦးအား သောင်ကြီးနယ်မြေ ရဲစခန်းတွင် သစ်တောဥပဒေ ပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ဖေဖော်ဝါရီ ၈ ရက်နေ့က ထပ်မံဖမ်းဆီးရမှုကို လတ်တလောတွင် အမှုဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း သောင်ကြီး နယ်မြေရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။

ဖမ်းဆီရမိခဲ့သည့် တရားမဝင်သစ်များတွင် ကျွန်း၊ တမလန်း၊ ပိတောက်နှင့် ကုက္ကိုတို့ မျိုးစုံပါဝင်ပြီး ဖမ်းမိသည့် ပိတောက် သစ်များသည် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်နေရာများနှင့် ကယားပြည်နယ်များမှ လာသည့် သစ်များ ဖြစ်နိုင်ကြောင်း ဒုညွန်ချုပ် ဦးဇော်မင်းက ပြောသည်။

ဦးဇော်မင်းက “ပြည်ပကို ကွန်တိန်နာနဲ့ ပို့တဲ့ လမ်းကြောင်းရသွားတော့ အင်နဲ့အားနဲ့ လုပ်ကြတဲ့သဘော ရှိတယ်၊ နောက်ထပ် နေရာတွေလည်း ရှိနေနိုင်သေးတယ်၊ ခြံတိုင်းလည်း ဝင်ရှာလို့မရဘူး၊ ပိုင်မှ ဝရမ်းတောင်းပြီး ရှာတာဖြစ်လို့ အချိန်တော့ နည်းနည်းပေးရမယ်၊ အခုလည်း ဆက်လက် စစ်ဆေးနေပါတယ်”ဟု ရှင်းပြသည်။

မြန်မာတနိုင်ငံလုံး အတိုင်အတာ အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်း တရားမဝင်သစ်မျိုးစုံ ဖမ်းဆီးရမိမှုသည် စုစုပေါင်း ၄၆၁၅၃ ဒသမ ၀၈၅၄ တန်ရှိပြီး ၂၀၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လ အထိ တရားမဝင် သစ်မျိုးစုံ တန်ချိန် စုစု ပေါင်း ၁၉၁၀၈ ဒသမ ၃၁၃၅ ကို ဖမ်းဆီးရမိခဲ့ကြောင်းလည်း သစ်တောဦးစီးဌာန က သတင်း ထုတ်ပြန်ထားသည်။

ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်မှုအရ ယနေ့ နေ့လယ်ပိုင်း ကလည်း ဒဂုံမြို့သစ်တောင်ပိုင်း၊ စက်မှုဇုန်တိုးချဲ့ ၂၊ ၁၄၄ ရပ်ကွက် ဝက်မစွတ်ဝန်ထောက်လမ်း နှင့် စိန္တကျော်သူဦးသြ လမ်းထောင့်ရှိ ဒေါ်ခက်ခက်ကျော်ပိုင် ခြံအမှတ် ၁၅၈ အား ဝင်ရောက် ရှာဖွေခဲ့ရာတွင် ရေသန့်ဘူးခွံ၊ ကတ်ထူဖာများဖြင့် ဖုံးအုပ်ကွယ်ဝှက်ထားသော တရားမဝင် ပိတောက် စကွဲယား တုံး တန် ၁၀၀ ကျော်၊ ကျွန်းစကွဲယားတုံးနှင့် ကျွန်းခွဲသား ၁၅ တန်ခန့် အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနက ထုတ်ပြန်သည်။

ထို့နောက် ဒဂုံမြို့သစ်အရှေ့ပိုင်း ပြင်စည်မင်းသားကြီး လမ်းရှိ ဦးခင်မောင်ပိုင် ခြံအမှတ် ၃၅ အား ဝင်ရောက် ရှာဖွေရာ တွင် လည်း ခြံဝင်းအတွင်းရှိ ဂိုဒေါင်အတွင်းမှ တရားမဝင် ပိတောက် စကွဲယားတုံး တန် ၅၀ ကျော်အား ဖမ်းဆီး ရမိခဲ့ ကြောင်း သစ်တောဦးစီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ တရားမဝင်သစ်များ ကွင်းဆက် ဖော်ထုတ် ဖမ်းဆီးရမိမှုများသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကြီး မားဆုံး ဖြစ်ပြီး ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း နယ်စပ်နေရာများတွင်လည်း ရှာဖွေ ဖမ်းဆီးမှုများကို ပြုလုပ်လျက် ရှိကြောင် သစ်တော ဦးစီး ဌာနမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading