ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေသော ထောက် လှမ်း ရေး နောက်ယောင်ခံ ပြုလုပ်ခြင်းများ အပေါ် ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် မေးခွန်းထုတ် ဆွေးနွေးကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားလှယ်များကို နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံစမ်း ထောက်လှမ်းခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံ ရယူခြင်းတို့ ဆောင်ရွက်နေခြင်း နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက မေးခွန်းထုတ်ခြင်း ဖြစ်သည်။
“ကျနော်တို့ဟာ နှစ်ပေါင်းများစွာ ဒီလိုပုံစံတွေနဲ့ ဆက်ဆံခံနေရတဲ့ သူတွေ ဖြစ်ပါတယ်။ ဒီနေ့ ပြည်သူ့ အစိုးရ လက် ထက် မှာ အခုလို လုပ်ရပ်မျိုးဟာ အာဏာရှင် စနစ်ဆိုးကို ပြန်လည် အသက်သွင်းဖို့ ဦးတည်နေသလားလို့ သံသယ ဖြစ်စရာ ဖြစ်နေပါတယ်”ဟု ဦးမောင်မောင်ဦးက လွှတ်တော်တွင် မေးခွန်းထုတ်သည်။
ထို့ကြောင့် ကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်မှုများကို တိုးတိုးတိတ်တိတ်ဖြစ်စေ၊ ပေါ်ပေါ်တင်တင် ဖြစ်စေ နောက်မှ လိုက်လံစုံစမ်း သတင်းယူနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို မည်သည့် တာဝန်ရှိ ပုဂ္ဂိုလ် အဖွဲ့ အစည်းများက တာဝန်ပေးထားခြင်း ရှိ၊ မရှိနှင့် ရှိနေပါက အဘယ့်ကြောင့် တာဝန်ပေးထားသည်ကို သိလို ခြင်းနှင့် ထိုကိစ္စအား တားမြစ်ရန်မည်သို့ ပြုလုပ်ရမည်ကို သိလိုပါကြောင်း ၎င်းက မေးမြန်းခဲ့သည်။
ယင်းကိစ္စကို လာရောက်ရှင်းလင်းသူ ပြည်ထဲရေးဝန်ကြီး ဌာန ဒု ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကမူ ရွေးကောက်ပွဲ မဝင်မီ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ နှင့် ပုဒ်မ ၁၀ တို့အရ လွှတ်တော် ကိုယ်စားလှယ် အရည်အချင်းနှင့် ညီညွှတ်မှု ရှိ၊ မရှိ စုံစမ်း စစ်ဆေးပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပြန်လည် တင်ပြသည့် ကိစ္စမှလွဲ၍ အခြား စုံစမ်းရမည့် အကြောင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
“ပြည်ထဲရေးဝန်ကြီး ဌာနအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များကို လိုက်လံ စုံစမ်းခြင်း၊ သတင်း ရယူခြင်းများ မရှိပါ” ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များကို တာဝန် ထမ်းဆောင်နေချိန် ၎င်းတို့၏ လှုပ်ရှား ဆောင်ရွက်မှုများကို တိုးတိုးတိတ်တိတ်ဖြစ်စေ၊ ပေါ်ပေါ်တင်တင်ဖြစ်စေ နောက်မှ လိုက်လံ စုံစမ်း သတင်း မေးမြန်း ရယူရန် တာဝန်ပေးထားခြင်း၊ ဆောင်ရွက်စေခြင်းများ မရှိကြောင်း ပြည်ထဲရေး ဒုဝန်ကြီးက လွှတ်တော်တွင် ပြောဆို သည်။
ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လုံခြုံရေး အကြောင်းပြချက်ဖြင့် ထောက် လှမ်းရေး များ နောက်ယောင်ခံ၍ တချိန်လုံး သတင်းယူနေသည်မှာ မှန်ကန်ကြောင်း၊ ထိုသိုု့သော ဆောင်ရွက်မှုများက ၎င်းကို စိတ် အနှောင့်အယှက် ဖြစ်စေကြောင်း ဧရာဝတီသို့ ပြောသည်။
“အန်တီတို့ နောက်ကို လုံခြုံရေးအရ ဆိုပြီး ရဲက တချိန်လုံး လိုက်နေတာပဲ။ ဒေါ်ခင်စန်းလှိုင် ဘယ်ရောက်သွားပြီ ဆိုပြီး သူ့ရဲစခန်းကို သူ့မြို့နယ်ကို သတင်းပို့နေတာတွေ ရှိတယ်။ ဒါမျိုးကိုတော့ သိပ်သဘောမကျဘူး”ဟု ၎င်းက ပြောသည်။
၎င်း၏ တည်နေရာ၊ ဟောပြောပို့ချသည့် အချက်များ၊ ၎င်းနှင့် ပြည်သူလူထု တွေ့ဆုံပွဲသို့ လူဘယ်နှဦး တက်ရောက် သလဲဆိုသည့် အချက်အလက်များကိုပါ ထောက်လှမ်းရေး အဖွဲ့အစည်းက ရယူလျက်ရှိကြောင်းလည်း သိရသည်။
“အဲဒီလိုကြီး ဟိုသတင်းပို့ ဒီသတင်းပို့တော့ မလုပ်စေချင်ဘူး။ လုံခြုံရေးပေးမယ်ဆိုလည်း သေသေချာချာပေး။ အန်တီ တို့ ပြည်သူ့ကိုယ်စားလှယ်က မလိုပါဘူး။ အခုက အန်တီတို့နောက်ကို လုံခြုံရေး အကြောင်းပြပြီး လိုက်တယ်။ အရင် တုန်း က စုံစမ်း ထောက်လှမ်းဖို့ လိုက်တယ်။ ဒီ ၂ ခုပါပဲ။ ဒီလိုပဲ နာမည်လေးပဲ ကွာသွားတာ”ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ကလည်း ကိုယ်စားလှယ်များ နောက်သို့ ထောက်လှမ်းရေး အဖွဲ့များ လိုက်နေ ခြင်းကို သဘောမတူကြောင်း၊ ကိုယ်စားလှယ်များ၏ ရပိုင်ခွင့်နှင့် တာဝန်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများက လေးစား လိုက်နာရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်တွင် ပြောဆိုသည်။
“ကိုယ်စားလှယ်တွေကို ဒီလိုလုပ်တယ်ဆိုရင် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပေးပါ။ ကျနော်တို့လည်း ပေးပါ။ လွှတ်တော် အခွင့်အရေး ကော်မတီကိုလည်း ပေးပါ။ သက်ဆိုင်ရာ ဌာနဆိုင်ရာ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန ကိုလည်း ပေးပါ”ဟု ဦးဝင်းမြင့်က ပြောသည်။
ယခုဖြစ်စဉ်အရ နိုင်ငံသား တယောက်၏ လွတ်လပ်မှုနှင့် လုံခြုံမှု ဥပဒေ ပြဌာန်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ထို့ အတွက် ဥပဒေကြမ်း ကော်မတီအနေဖြင့် ယင်းဥပဒေကို ယခု စတုတ္ထ ပုံမှန်အစည်းအဝေးတွင် အပြီးသတ် တင်ပေးရန် ဦးဝင်းမြင့်က တိုက်တွန်းခဲ့သည်။
အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးကလည်း ၎င်းတွင်ရှိသည့် အထောက်အထား ၃ ခုကို ပြည်ထဲရေး ဒုဝန်ကြီးသို့ အစည်းအဝေးအပြီး ပေးအပ်လိုုက်ကြောင်း၊ ဒုဝန်ကြီးက ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း သိရသည်။
၎င်းက ဆက်၍ “ဒါတွေဟာ တချိန်က အာဏာရှင် စနစ်ဆိုးများက ဒီမိုကရေစီ လိုလားသူများနဲ့ လူထုကို ဖိနှိပ်ဖို့ ကျင့်သုံး ခဲ့တဲ့ ပုံစံတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်များရဲ့ တယ်လီဖုန်းများကို လည်း ကြားဖြတ် နားထောင်နေတုန်းပဲ”ဟုလည်း ပြောဆိုသည်။
ဦးမောင်မောင်ဦးသည် ရန်ကုန်တိုင်း အတွင်းရှိ ခရိုင် လယ်ယာမြေ စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် အဖွဲ့ဝင် တဦး အနေဖြင့် ဇန်နဝါရီလက လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဒဂုံ – ဧရာ ကားဝင်းကြောင့် လယ်မြေ ဆုံးရှုံးခဲ့ရသူများနှင့် ဆွေးနွေးပွဲတခု ပြုလုပ်စဉ် ထောက်လှမ်းရေး၏ စောင့်ကြည့်မှုကို ခံခဲ့ရကြောင်း သိရ သည်။
“ကျနော် စရောက်ကတည်းက ဒီလူဟာ ထောက်လှမ်းရေး ဆိုတာကို သိလိုက်တယ်။ အဲဒါကြောင့် အဲဒီလူကို ထွက်ပေး ဖို့ အဲဒီမှာ ရှိတဲ့လူတွေကို ပြောခိုင်းတာကို သူက မထွက်ဘူး။ အစည်းအဝေး တဝက်လောက်မှာ ဘယ်ကလဲ ဆို တာ ခေါ်မေး လိုက်တယ်။ သူက SB (အထူးသတင်း တပ်ဖွဲ့)က ပါတဲ့။ မင်းကိုု ဖိတ်ထား လားလို့မေးတော့ ဘယ်သူမှ မဖိတ်ဘူးတဲ့။ အဲဒါဆို ဒီမှာ ဆက်ထိုင်လို့ မရဘူးဆိုပြီး ပြောလွှတ်လိုက်ရတယ်”ဟု ဦးမောင်မောင်ဦးက ပြောပြသည်။