အစိုးရနှင့် ပတ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် သတ္ထိရှိရှိဖြင့် လက်မှတ်ရေးထိုးပြီး အစိုးရဖော်ဆောင်နေသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – “၂၁ ရာစုပင်လုံ”တွင် ပါဝင်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က ပြောဆို လိုက်သည်။
ရှမ်းပြည်နယ် ပင်လုံမြို့ သမိုင်းဝင် ပင်လုံ ကျောက်တိုင်ရှေ့၌ ကျင်းပသည့် ယနေ့ကျရောက်သော နှစ် (၇၀) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ တက်ရောက်လာသော လူထုကြီးအား မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် က “ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ကျမတို့ရဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကို မေတ္တာ ရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ။ ကျမတို့ရဲ့ ၂၁ ရာစု ပင်လုံထဲမှာ ပါဝင်လိုက် ကြပါ။ ကျမတို့အားလုံးဟာ ပြည်သူပြည်သားအားလုံးဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက်နှလုံးစိတ်ဝမ်း အေးချမ်းကြမလဲ။ ဘယ်လောက် ကျေးဇူးတင်ကြမလဲ။ ဘယ်လောက် ပီတိဖြစ်ကြမလဲဆိုတာကို စဉ်းစားကြပါ” ဟု ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ယနေ့ပြောကြားခဲ့သော ပြည်ထောင်စုနေ့ မိန့်ခွန်း၏ အဓိကအချက်များတွင် အစိုးရနှင့် NCA မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လက်မှတ်ရေးထိုး၍ ၂၁ ရာစု ပင်လုံတက် ရောက်ရေး အလေးပေးပြောဆိုသွားသည် ကို တွေ့ရသည်။
အပစ်မရပ်သေးသည့် အဖွဲ့များအနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံတွင် လာရောက်ဆွေးနွေးစေ လိုကြောင်းနှင့် တန်းတူ ရည်တူ ဆွေးနွေးရန် ဖိတ်ခေါ်သွားသည့်အပေါ် သဘောကျကြောင်း အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က ပြောသည်။
ဦးခွန်မြင့်ထွန်း က “အဓိကအားဖြင့် လက်မှတ်မထိုးသေးတဲ့ ညီနောင်တွေကို အဓိကထားပြီးတော့ ဖိတ်ခေါ်သွားတယ်လို့ ကျနော်မြင်ပါတယ်။ အဓိက နောက်တချက်ကတော့ ကျနော်တို့တွေဟာ ဆွေးနွေးပွဲမှာ အရင်ပူးပေါင်းပြီးတော့ ဆွေးနွေးကြပါ ဆိုတဲ့ဟာကို ဖိတ်ခေါ်သွားတယ်။ နောက်တခုကတော့ ကျေနပ်သလား၊ မကျေနပ်သလားဆိုတာ ဆွေးနွေးပြီး အဖြေရှာဖို့ အဓိကထား ပြောသွားတယ်လို့ ကျနော်တို့မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးရရှိသွားမည်ကို အကျိုးစီးပွား ပယောဂများ အပါအဝင် အကြောင်းကြောင်းကြောင့် မလိုလားသူများရှိနိုင်ကြောင်း သို့သော်လည်း အနုတ်သဘောဆောင်သည့် စိတ်ဓာတ်များကို ကြောက်ရွံ့နေစရာမလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
“အခုဆိုရင် ကျမတို့ ငြိမ်းချမ်းရေးရဖို့အတွက် ဆွေးနွေးညှိနှိုင်း တိုင်ပင်နေတဲ့ အခါမှာ ယုံကြည်မှု ရဖို့လိုတယ်ဆိုတာကို ထပ်တလဲလဲ ပြောကြပါတယ်။ စစ်မှန်တဲ့ ယုံကြည်မှုရှိရမယ်ဆိုတော့ အများကတော့ ယုံကြည်မှုဆိုတာဟာ အခု ကွဲပြားနေတဲ့ အစုအဖွဲ့တွေကြားထဲမှာ ယုံကြည်မှုရအောင် လုပ်ခြင်းလို့ပဲနားလည်ကြပါတယ်။ ကျမကတော့ အရေးအကြီးဆုံး ယုံကြည်မှု ဆိုတာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလို့ပဲ ကျမက သတ်မှတ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
ပင်လုံမြို့တွင် ယနေ့ပြုလုပ်သော နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အနေဖြင့် ပထမဆုံး အကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ သမိုင်းဝင် ပင်လုံစာချုပ်ကို အတူတကွ လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ ဦး၏ မိသားစုဝင်များလည်း တက်ရောက်ခဲ့ကြသည်။