ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တုနှင့် အလေးပြု ရင်ပြင်ကို ထောက်ခံသံများနှင့် ကန့်ကွက်သံများကြားက ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ဖြစ်မြောက်ရေး ကော်မတီက ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုနှင့် အလေးပြုရင်ပြင်မှာ မြစ်ကြီးနားမြို့ မြို့လည် နာရီစင်နှင့် စိမ်းမြဧရာ ဥယျာဉ်ကြားရှိ ပေ ၃၀၀ ခန့် ကျယ်သည့် မြေနေရာတွင် ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီက ပြုလုပ်ထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီ နာယက တဦးဖြစ်ပြီး ကချင်တိုင်းရင်းသားတဦးလည်း ဖြစ်သည့် ဦးခဂိုလက ဗိုလ်ချုပ်ကြေးရုပ် ထားရှိခြင်းကို ထောက်ခံရသည်မှာ ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့သည့် မိန့်ခွန်းများတွင် ကချင်၊ ဗမာ စသည်ဖြင့် ခွဲခြားပြောဆိုခြင်းမရှိခဲ့ပဲ ပြည်သူပြည်သားအားလုံး ကောင်းစားရေးကို ရှေးရှုပြောဆိုခြင်းများ ရှိခဲ့သဖြင့် သဘောကျကာ ထောက်ခံခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
ဦးခဂိုလက “ဗိုလ်ချုပ်ရဲ့ ရုပ်ကို တော်လှန်ရေးအစိုးရ နောက်ပိုင်းမှာ နေရာ မပေးဘူး။ အခုမှ နေရာပေး ကာစ ဆိုတော့ ကန့်ကွက်တဲ့ နေရာမှာတော့ သူများတွေကိုလည်း မပါစေချင်ပါဘူး။ အများစုက ထောက်ခံ နေတယ်ဆိုရင် ကိုယ်ကပဲ ပယ်နေလို့လည်း မဖြစ်ဘူးလေ။ အဲ့တာကြောင့် ကျနော်ကလည်း ပါဝင်ရတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ယခုမှ ကမန်းကတန်း လုပ်ဆောင်ခြင်း မဟုတ်ပဲ လွန်ခဲ့သည့် ၂ နှစ်ခန့် ကတည်းက မြစ်ဆုံစီမံကိန်း ကန့်ကွက်ရေး အဖွဲ့များက ဆွေးနွေးထားခြင်း ဖြစ်သည်ဟုလည်း ဦးခဂိုလက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးမြတ်ကျော်သူက ဖွင့်ပွဲ အခမ်းအနား၌ လွတ်လပ်ရေး ယူဆောင်ပေးခဲ့သည့် ကျေးဇူးတရားများကို အောက်မေ့သတိရစေရန်၊ လူကြီးလူငယ် အားလုံး တို့ စိတ်မှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ဖြောင့်မတ်ခြင်း ဇွဲရှိခြင်း စွန့်လွှတ် အနစ်နာခံခြင်း မည်သူ့ကိုမှ ရန်သူကဲ့သို့ သဘောမထားခြင်း မေတ္တာဖြင့် ဆက်ဆံခြင်း စိတ်တို့ ရှိစေရန် ၊ ကျောင်းသူ ကျောင်းသားများလူငယ်များက ရုပ်တုကို မြင်တွေ့ပြီး အတုယူကာ အနာဂတ်ခေါင်းဆောင်များ ဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကြေးရုပ်တုကို ထားရှိရန် ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ပြောသည်။
သို့သော် ကချင်ပါတီ ၄ ခု စုပေါင်းထားသည့် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) က ဗိုလ်ချုပ်ရုပ်တု ထားရှိခြင်းကို ကန့်ကွက်ကြောင်း စာတစောင်ကို ဖေဖော်ဝါရီလ ၆ ရက်က ဝန်ကြီးချုပ်ထံသို့ ပေးပို့ထားသည်။
KPCC မှ ပြောရေးဆိုခွင့် ရှိသူ ဦးဂျော်ဆန်းနော်က ၎င်းတို့ အနေဖြင့် ကန့်ကွက်ရခြင်းမှာ ကချင်ပြည်နယ် အတွင်း ဗိုလ်ချုပ်အောင်ဆန်း ကတိပေးခဲ့သည့် တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို အကောင်အထည်မဖော်နိုင်သေးပဲ ရုပ်တုနှင့် အလေးပြု ရင်ပြင်ကို ဦးစွာ လာထားရှိသဖြင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ပြောသည်။
ထို့ပြင် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် ကချင်တိုင်းရင်းသားတို့၏ အမှတ်အသားများကို မထားရှိပဲ တံတားဆိုလျှင်လည်း ဗလမင်းထင်တံတားဟု ဗမာသူရဲကောင်းတဦး၏ အမည်ကို ပေးထားခြင်း၊ ယခုကဲ့သို့ မြို့လည်ကောင် မြေကွက်လပ်တွင် ဗမာတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနှင့် အလေးပြု ရင်ပြင်ထားရှိခြင်းမှာ ဌာနေ ကချင်တိုင်းရင်းသားတို့၏ ခံစားချက် နှင့် အမှတ်အသားများ ကို အသိအမှတ်မပြုခြင်း ဖြစ်သည်ဟုလည်း ဦးဂျော်နော်ဆန်းက ဆိုသည်။
မြစ်ကြီးနားမြို့၊ ဒူကထောင့်ရပ်ကွက်နေ ဒေါ်ဂျာဆိုင်းကလည်း “ကျမတို့ ကချင်ပြည်သူတွေ ပြေးနေလွှားနေ ဒုက္ခရောက် နေပါတယ်။ တိုက်ပွဲတွေကြားမှာလေ ။ ဒါတွေကို အရင်ကုစားပေးဖို့ သင့်တယ်လို့ ကျမကတော့ မြင်တယ်။ ရုပ်တု မြို့လည်မှာ လာထုတာက ကျမတို့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ပါဘူး။ မလိုအပ်တဲ့ ကိစ္စတွေတောင် ဖြစ်နိုင်တယ်”ဟု ဝေဖန်ပြောဆိုသည်။
ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေးကော်မတီ၊ နာယက ဆရာတော် အရှင်ပညာဝံသက ကန့်ကွက်ခံနေရခြင်း များနှင့် ပတ်သတ်၍ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ထားရှိခြင်းမှာ နိုင်ငံရေးနှင့် တစုံတရာ သက်ဆိုင်ခြင်း မဟုတ်ပဲ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့အဖြစ် ထားရှိခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိသည့် ရင်ပြင်မှာ အများပိုင်မြေ ဖြစ်ပြီး ကချင်ဒေသခံများက ယဉ်ကျေးမှုအမွေအနှစ် ပြတိုက်တခု လုပ်ရန် စီစဉ်မှုများ ရှိဖူးသည့် မြေနေရာ ဖြစ်သည်ဟု KPCC က ဆိုသည်။
ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေးကော်မတီကမူ ယခုမြေမှာ ပြည်နယ်အစိုးရပိုင် မြေဖြစ်ပြီး ၎င်းတို့ကို သတ်မှတ်ချထားပေးခြင်း ဖြစ်ကြောင်း ပြောသည်။
ဗိုလ်ချုပ်ရုပ်တု ထုလုပ်ခြင်းအတွက် ကျပ်ငွေ သိန်း ၁၅၀ ကျော် ကုန်ကျထားပြီး ကုန်ကျ ငွေများကို ကော်မတီဝင်များနှင့် အလှူရှင်များ၏ ငွေဖြင့် အသုံးပြုထားခြင်း ဖြစ်သည်ဟု သိရသည်။
ဗိုလ်ချုပ် ရုပ်တု ထားရှိသည့် စင်မှာ ၁၅ ပေမြင့်သည်ကို တွေ့ရသည်။
ဖွင့်ပွဲအခမ်းအနားတွင် နံပြား၊ ပဲပြုတ်၊ကောက်ညှင်းပေါင်းတို့ကို စတုဒီသာ ကျွေးပီး မြစ်ကြီးနား အမျိုးသား ဒီမိုကရေစီအဖွ့ဲချုပ် (NLD) မှ တာဝန်ရှိသူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ရပ်မိရပ်ဖ အချို့ တတ် ရောက်ကြသည်ကို တွေ့ရသည်။
တတ်ရောက်လာသူများက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အလေးပြုပြီး ဖွင့်ပွဲ ပြုလုပ်ကြသည်။
ယနေ့ ဗန်းမော်မြို့၌လည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ဖွင့်ပွဲတရပ် ပြုလုပ်သည်ဟု သိရသည်။
ပြည်နယ်နှင့် တိုင်းအသီးသီးတွင် NLD ပါတီ အဖွဲ့ဝင်များက ဗိုလ်ချုပ် ရုပ်တု ဖြစ်မြောက်ရေး ကော်မတီ တရပ်စီ ဖွဲ့ကာ ရုပ်တုနှင့် အလေးပြုရင်ပြင် ဖြစ်မြောက်ရေးကို အကောင်အထည် ဖော်လျက် ရှိသည်။
မွန်ပြည်နယ်၊ မုဒုံမြို့တွင်လည်း ဗိုလ်ချုပ်ရုပ်တု ထားရှိရေးကို ဒေသခံများနှင့် မွန် အရပ်ဘက်အဖွဲ့အစည်း များက ကန့်ကွက်ထားသည်။