တိုက်ပွဲများနှင့် ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး ၏ ထုတ်ပြန်ချက်သည် တပ်မတော်၏ ပြစ်မှုများအား ဖုံးကွယ်လို၍ ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် ပြည်သူများကို အကြောင်းမဲ့တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ ဖမ်းဆီးခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ လူသစ် စုဆောင်းခြင်း၊ အဆောက်အအုံများနှင့် ယာဉ်များအားဖျက် ဆီးခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကြောင့် အရပ်သား ၃၈ ဦးသေဆုံးပြီး ၁၃၇ ဦး ဒဏ် ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ၏ လူမှုကွန်ရက် စာမျက်နှာ၌ စနေနေ့က ဖော်ပြထားသည်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးနော်ဘူ က “တပ်မတော်က ထုတ်ပြန်ချက်တွေ ကို ကျနော်တို့လည်း ဖတ်ရပါတယ်၊ ဒါဟာ အခြေအမြစ်မခိုင်တဲ့ စွပ်စွဲမှုတွေလို့ပဲ ပြောချင်ပါတယ်၊ တပ်မတော်ရဲ့ ကျူးလွန် ခဲ့တာတွေကို ဖုံးကွယ်ချင်တဲ့ အတွက် အဲဒီလို ထုတ်ပြန်တာပဲ ဖြစ်ပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
အထက်ပါ လုပ်ရပ်များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် KIA ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA) စသည်တို့က လုပ်ဆောင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်၌ ဖော်ပြ ထားခြင်း ဖြစ်သည်။
KIA အဖွဲ့သည် ကချင်ပြည်နယ်၌ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်မှု ၄ ကြိမ်၊ နှောင့်ယှက်ပစ်ခတ်မှု ၉ ကြိမ်၊ မိုင်းထောင် ဖောက်ခွဲမှု ၁၁ ကြိမ်၊ မိုင်းထောင်မှု ၅၄ ကြိမ်နှင့်အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံ ခြင်း စသည်တို့အား လုပ်ဆောင်ခဲ့ကြောင်းလည်း ကာကွယ်ရေး ဦးချုပ်ရုံးက ထုတ်ပြန်ချက်တွင် ပါရှိသည်။
KIA အဖွဲ့အနေဖြင့် အပြစ်မဲ့ ပြည်သူများ နေထိုင်သည့် နေရာများတွင် မိုင်းထောင်ခြင်း လုံးဝမရှိကြောင်း၊ သို့သော် တပ် မတော် စစ်ကြောင်းများ လှုပ်ရှား သွားလာလေ့ရှိသည့် နေရာများတွင် စစ်ရေး သဘောအရ လုပ်ဆောင်မှုမျိုးသာ ရှိကြောင်း ဗိုလ်မှူး နော်ဘူ က ဆိုသည်။
အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် TNLA အဖွဲ့က လူသတ်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး၊ နှောင့်ယှက် ပစ်ခတ်မှု ၆ ကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု ၂ ကြိမ်နှင့် မိုင်းထောင်ခြင်း၊ မီးရှို့ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ AA အဖွဲ့ကလည်း ရခိုင်ပြည်နယ်၌ မိုင်းထောင်ခြင်း ၃ ကြိမ်ပြု လုပ်ခဲ့ကြောင်း ရေးသားထားသည်။
TNLA ၏ ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော် ကလည်း ၎င်းတို့ အနေဖြင့် အရပ်သားများအား ပစ်ခတ်မှု၊ သတ်ဖြတ်မှု လုံး၀ မရှိသည့်အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်သည်လည်း လုံး၀ မှန်ကန်မှု မရှိကြောင်း၊ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် အချက်များသည်လည်း တခုမှ မှန်ကန်မှု မရှိကြောင်း ပြောသည်။
အစိုးရ တပ်မတော်ကသာ တိုက်ပွဲ ဖြစ်ပွားသည့် တိုင်းရင်းသား နယ်မြေများ၌ အရပ်သားများအား တိုက်ခိုက်မှုများ၊ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု၊ အနိုင်ကျင့်ပြုများ ရှိကြောင်း မိုင်းအိုက်ကျော် က ဆက်ပြောသည်။
ထို့အတူ တပ်မတော်သည် တိုင်းရင်းသား ဒေသများ၌ အရပ်သားများအား ပေါ်တာဆွဲမှု၊ တိုက်ခိုက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု များ ကျူးလွန်ထားသည့် အထောက်အထားများ ၎င်းတို့ထံတွင် အများအပြားရှိကြောင်းလည်း လက်နက်ကိုင် အဖွဲ့များက ပြောသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် KIA )၊ TNLA ၊ ကိုးကန့် MNDAA၊ ရခိုင် AA အဖွဲ့များနှင့် အစိုးရ တပ်မတော် တို့ကြား တိုက်ပွဲများသည် ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှစ၍ ယနေ့ အထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။