ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရဲစခန်းကို တိုက်ခိုက်ရာမှာ ဦးဆောင်ခဲ့သူတဦးကို စစ်တွေခရိုင်တရားရုံးမှ လူသတ်မှုဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က သေဒဏ်ချမှတ်လိုက်သည်။
သေဒဏ်ချမှတ်ခံရသူ မာမက်နူရာ(ခ) အူလာ ဆိုသူမှာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာ တွင် နေထိုင်သူဖြစ်ကြောင်းသိရပြီး ၎င်းနှင့်အတူပါဝင်ခဲ့သူ ၁၃ ဦးကိုလည်း စစ်တွေခရိုင်တရားရုံးတွင် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရခိုင်ပြည်နယ် ရဲမှူးကြီး စိန်လွင်က “သူက ရဲတွေနဲ့ အပြန်အလှန်တိုက်ခိုက်ရင်း ရဲတွေအသတ်ခံ ထားရတဲ့ အခန်းထဲမှာပဲ မိတာ၊ သူသတ်တာက ပြစ်မှုလည်းထင်ရှားတဲ့အတွက် မြန်မြန်အမိန့်ချတာပါ၊ သူတို့စွဲထားတဲ့ တခြားအမှုတွေလည်း ရှိပါသေးတယ်၊ အဲ့ဒါတွေကိုတော့ ဆက်စစ်နေတုန်းပါ”ဟု ပြောသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ရ ကာ လက်နက် မျိုးစုံ ၅၂ လက်နှင့် ကျည်ဆံများပျောက်ဆုံးခဲ့ပြီ ဖြစ်စဉ်အတွင်း အကြမ်းဖက်တိုက်ခိုက် သူအချို့ကိုလည်း အသေဖမ်းဆီးရမိခဲ့သည်။
လတ်တလောတွင် မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု၌ ပါဝင်ပတ်သက်သူ ၅၀၀ခန့်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားပြီး အမှုပေါင်း ၄၉ မှုဖြင့် အရေးယူဆောင်ရွက်လျက်ရှိရာတွင် ၂၈ မှုကို တရားစွဲဆို တင်ပို့နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှားမရှိသည့် ၁၀ ဦးကိုလည်း ပြန်လည်လွတ်ပေးခဲ့ ကြောင်း မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်၏ ကြားဖြတ်အစီအရင်ခံစာ တွင် ဖော်ပြထားသည်။
ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက “ဖမ်းဆီးထားတဲ့သူတွေကို ဥပဒေနဲ့အညီပဲ စစ်ဆေးဆောင်ရွက် လျက်ရှိပါတယ်၊ အမှုတွေအကုန် တင်ပြီးပါပြီ၊ အသားလွတ်ဖမ်းထားတဲ့သူတွေ မရှိပါဘူး၊”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အကြမ်းဖက်တိုက်ခိုက်မှုမှ ဖမ်းဆီးထားသူ ဦးရေ ၄၀၀ ကျော်ကို ဘူးသီးတောင်အကျဉ်းထောင် တွင် ထိန်းသိမ်းထားပြီး အကျဉ်းထောင်အနီးတွင်ပင် အထူးခုံရုံးဖွဲ့ကာ စစ်ဆေးလျက်ရှိကြောင်း ကော်မရှင် ထံမှ သိရသည်။
အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များမှ မောင်တောဒေသတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာနှင့် ကုလသမဂ္ဂမှ စွပ်စွဲမှုများရှိနေပြီး ထိုသို့စွပ်စွဲချက်များအပေါ် တပ်မတော်နှင့်အစိုးရက စုံစမ်းစစ်ဆေး လျက်ရှိပြီး စွပ်စွဲချက်များ မှန်ကန်ပါက အရေးယူမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားထား သည်။