ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် တရုတ် အာဏာပိုင်များ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။
KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးအား တရုတ် အာဏာပိုင်များက တရုတ်နိုင်ငံ ကူမင်းသို့ အလည်အပတ် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး၊ ကူမင်းရှိ တရုတ် အထူးသံအမတ်ကြီးကလည်း ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း၊ တရုတ် ကိုယ်စားလှယ်များ သည် ထိုင်းနိုင်ငံ ချင်းမိုင်သို့ လာရောက်ကာ တခြားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
စောမူတူးဆေးဖိုးသည် ဥရောပ – မြန်မာ ရုံးမှ ဟန်ရောင်ဟွေး (Harn Yawnghwe)၊ KNU ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကြံပေး စောတူးတူးလေး တို့နှင့် ကူမင်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဟန်ရောင်ဝေးသည် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ၏ အကြံပေးတဦး ဖြစ်ပြီး၊ ဟန်ရောင်ဟွေးနှင့် တူတူလေးတို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက်ကွယ်မှ အဓိက ကြိုးပမ်းနေသည့် ပုဂ္ဂိုလ်များ ဖြစ်ကြောင်း KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
စောမူတူးဆေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် တရုတ်အာဏာပိုင်များနှင့် တွေ့ဆုံခဲ့ပြီး KIO အဖွဲ့ အနေဖြင့် NCA တွင် ပါဝင်လက်မှတ် ရေးထိုးဖို့ ဖိအားပေးရေး ဆွေးနွေးကြောင်း သိရသည်။
ဖေဖော်ဝါရီလ အစောပိုင်းက ထုတ်ဝေသည့် အစိုးရ သတင်းစာ The New Light of Myanmar တွင် တရုတ် အနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်မြန်မာ နယ်စပ် အနီး တိုင်းရင်းသား လက်နက်ကိုင်များအား NCA တွင် ပါဝင် လက်မှတ် ရေးထိုးရန် လိုလားကြောင်း ဖော်ပြာခဲ့သည်။
တရုတ်သံအမတ်ကြီး Hong Liang က အုပ်စုများ အချင်းချင်း ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် နီးကပ်သည့် အဆက် အသွယ်များ ရှိရန်နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးရန် ဆန္ဒမရှိဘဲ အပြန်အလှန် နားလည်မှု လွဲချော်နေခြင်းများ ကျော်လွန်နိုင်ရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ပြောသည်။
“NCA လက်မှတ် ရေးထိုးခြင်း အားဖြင့် တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်မယ်၊ ပြီးတော့ တရုတ် – မြန်မာ နယ်စပ် တလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် အာမခံချက်တွေ ရလာနိုင်တယ်” ဟု သံအမတ်ကြီးက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ အဆိုအရ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကိုလည်း ကချင်ပြည်နယ် လိုင်ဇာတွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ဖိတ်ကြားထားကြောင်း သိရသည်။
၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ကလည်း ငြိမ်းချမ်းရေး ညီလာခံကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်ကာ ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစု တက်ရောက်မည် ဖြစ်ကြောင်း၊ ညီညွှတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များလည်း ယင်းညီလာခံသို့ တက်ရောက်ဖွယ် ရှိကြောင်း သိရသည်။
(The Irrawaddy အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Sources say Chinese Authorities Meet KNU Leadership in Kunming သတင်းကို ဘာသာပြန်သည်။)