ကချင်ပြည်နယ် ထာဝရငြိမ်းချမ်းရေးဒေသ အထူးဒေသ (၁) ဆဒုံးမြို့နယ်အတွင်းရှိ လူဦးရေ ၁၀၀၀ နီးပါး ခိုလှုံနေသည့် စင်ကြိုင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို အမြန်ဆုံး ရွှေ့ပြောင်းရန် ဒေသအာဏာပိုင်က ပြောဆိုထားသည်ဟု စခန်း တာဝန်ခံ များက ဧရာဝတီကို ပြောသည်။
စခန်း တာဝန်ခံတဦးက “ခင်ဗျားတို့ ဒီမှာ Camp တည်ဖို့ ဘယ်သူဦးဆောင်လဲ မေးတယ်။ ကျနော်တို့က စစ်ရေး အခြေ အနေ ကြောင့်ပါ။ ထွက်ပြေးပြီး လာဆုံတာပါပြောတော့ ဒီမှာ မနေကြနဲ့။ နိုင်ငံတော်အစိုးရကို အကြောင်းပြုပြီး လာနေတာ လား။ အမြန်ရွှေ့ကြ ကိုယ့်ရွာကို အမြန်ပြန်ကြ။ မရွှေ့ရင် သူကိုယ်တိုင် မီး လာရှို့မယ်တဲ့”ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၄ နာရီတွင် စင်ကြိုင် စစ်ရှောင်စခန်း သာခြားသည့် လက်ဖက် စက်ရုံ သို့ စခန်းမှ တာဝန်ခံ များ လာရန် ခေါ်ပြီး အထူးဒေသ (၁) ခေါင်းဆောင် ဦးစခုန်တိန့်ယိန်း ၏ သား ဖြစ်သူ ဦးစခုန်ယိန်းချမ်းက ထိုကဲ့သို့ ပြောဆို ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဦးစခုန်တိန့်ယိန်းသည် အထူးဒေသ (၁) အတွင်း နယ်ခြားစောင့်တပ် ၏ ခေါင်းဆောင်ဖြစ်ပြီး ပြည်သူ့စစ် ၏ နာယက ဖြစ် သည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ ကန်ပိုက်တည်မြို့ နှင့် ပန်ဝါမြို့ တို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားသဖြင့် နယ်ခြားစောင့် တပ်များ၊ ပြည်သူ့စစ်များက စောင့်ကြပ်သည်။
ဦးစခုန်ယိန်းချမ်းက စစ်ရှောင်စခန်းကို ပြောင်းရွှေ့ခိုင်းရခြင်းသည် စစ်ရှောင်စခန်းနှင့် လမ်းမသာ ခြားသော ၎င်းပိုင်ဆိုင် သည့် လက်ဖက်ခြံနှင့် လက်ဖက်စက်ရုံ ရှိကြောင်း၊ လက်ဖက်ခြံမှ လက်ဖက်ခင်းများကို စစ်ရှောင်များက ခုတ်ပြီး ဖျက်ဆီး သဖြင့် ပြောင်းရွှေ့ခိုင်းရခြင်း ဖြစ်ကြောင်းလည်း စခန်းတာဝန်ခံများက ဆိုသည်။
စခန်းတာဝန်ခံ တဦးက “ကျနော်တို့ Camp က ကလေးတွေ ဆော့လို့ ပျက်စီးရင်လည်း တပင် နှစ်ပင်ပါ။ ဒီက စစ်ရှောင် တွေ က သူများအပင်ကိုတော့ သွားပြီး မဖျက်ဆီးပါဘူး။ ခုတ်တာက ဒီမှာလာနေတဲ့ တရုတ်တွေက ခုတ်တာပါ”ဟု ပြောသည်။
လက်ရှိတွင် စင်ကြိုင် စစ်ဘေးရှောင် စခန်း၌ ကော်မတီတရပ်ဖွဲ့ကာ တာဝန်ခံ ၁၀ ဦးခန့် က ကော်မတီ အဖွဲ့ဝင် အဖြစ် ပါဝင်ကာ စခန်း၏ စားနပ်ရိက္ခာ၊ ကျန်းမာရေး ကိစ္စများကို ဆောင်ရွက်လျက် ရှိသည်။
ယခုသတင်းနှင့် ပတ်သက်၍ ၎င်းတို့မှာ အထူးဒေသ (၁) အတွင်းမှာပင် နေထိုင်နေဆဲ ဖြစ်သဖြင့် အမည် နာမများကို မဖော်ရန်လည်း တောင်းဆိုထားသည်။
စင်ကြိုင်စခန်းမှ စစ်ဘေးဒုက္ခသည်များကို စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ နေထိုင်ရေးတို့ကို အဓိက ကူညီ ပေးနေသည်မှာ ကချင် နှစ်ခြင်း အသင်းတော် (KBC) ဖြစ်သည်။
စင်ကြိုင် စစ်ဘေးရှောင်စခန်း တာဝန်ခံများက ၎င်းတို့စခန်းကို ရွှေ့ပြောင်းရန် ပြောဆိုခံထားရသည့် ကိစ္စကို KBC သို့ အကြောင်းကြားမည်ဟုလည်း ပြောသည်။
“ကျနော်တို့လည်း စိုးရိမ်တယ်။ ထိတ်လန့်တယ်။ အဲ့ဒီတော့ ဘာဆက်လုပ်ရမလဲဆိုတာ KBC ကို အကြောင်း ကြားပြီး တိုင်ပင်မယ်။ သူတို့ဘက်ကတော့ ဘယ်တော့ ပြောင်းလို့တော့ ရက်ကို မပြောထားဘူး”ဟု ပြော သည်။
KBC မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်ကလည်း စင်ကြိုင် စစ်ရှောင်စခန်းသို့ ဆန် ရိက္ခာများ ပို့ရာ တွင် လုံခြုံရေးအရ တကြောင်း၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို ပို့သည်ဟူသည့် သံသယဖြင့် တကြောင်း လမ်းတွင် တပ်မတော်မှ တားဆီးခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ ကုန်တင်ကားကြီးများနျင့် ဆန်ပို့လျှင် တားမြစ်ကြောင်း၊ KBC မှ စင်ကြိုင်စခန်းသို့ ဆန်ရိက္ခာ မပို့ရသည်မှာ ၁လခန့် ရှိပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်က ဧရာဝတီကို ပြော ထားသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလကလည်း ကချင်ဒေသခံများကို စုစည်းပြီး ကချင် နှစ်ခြင်းအသင်းတော် မှ တာဝန်ရှိသူများ ပါဝင် သည့် ဘိန်းဖျက်ရေးအဖွဲ့ (Pat Jasan) က အထူးဒေသ (၁) ပိုင် နယ်မြေ ဖြစ်သည့် ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်များ အတွင်း ဝင်ရောက်၍ ဘိန်းပင်များကို ဖျက်ဆီးရာတွင် နယ်ခြားစောင့် တပ်နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက လက်နက်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် Pat Jasan အဖွဲ့ ဝင် ၂၀ ကျော် သေနတ်ကျည်ဆန် မှန်ခဲ့ကြသည်။
ထိုအချိန်ကလည်း စင်ကြိုင် စစ်ရှောင်စခန်း တာဝန်ခံများကို ဘိန်းပင်များနှင့် ပတ်သက်၍ KBC ကို ထောက်လှမ်ရေး ပြုလုပ်ပေးခဲ့ကြောင်း ပြောဆိုကာ စခန်းတာဝန်ခံ ၁၁ ဦးကို ခေါင်းဖြတ်သတ်မည် ဖြစ်ကြောင်း ဒေသအာဏာပိုင်များက ခြိမ်းခြောက်ပြောဆိုမှုများ ရှိခဲ့သည်။
ဧရာဝတီက အထူးဒေသ (၁) တာဝန်ရှိသူများကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပါ။
လက်ရှိ စင်ကြိုင် စစ်ဘေးရှောင်စခန်းတွင် ဝိုင်းမော်မြို့နယ် ရွာ ၁၆ ရွာမှ လူဦးရေ ၁၀၀၀ နီးပါး နေထိုင်လျက် ရှိသည်။
၎င်းတို့သည် ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများကြောင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစ၍ ရွှေ့ပြောင်းလာပြီး စခန်းဖွင့်ကာ နေထိုင်နေခြင်း ဖြစ်သည်။
စစ်ဘေးဒုက္ခသည်များ၏ မူလရွာများအနီးတွင် စစ်ရေး အခြေအနေအရ တပ်မတော်က တပ်စွဲထား သဖြင့် ယနေ့ထိ နေအိမ်များသို့ ပြန်နိုင်ခြင်း မရှိသေးပါဟု စစ်ရှောင်များက ပြောသည်။
သို့သော် စစ်ဘေးရှောင်များ၏ စီးပွားရေး လုပ်ငန်းများဖြစ်သည့် ချဉ်စော်ကားသီးခြံ၊ သစ်ကြားသီးခြံများကိုမူ ညအိပ်ညနေ မနေရဘဲ မနက်ပိုင်းများတွင် သွားလာခွင့်ကို တပ်မတော်က ပေးထားသည်ဟုလည်း သိရသည်။