မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆီလန်ဂေါ အရပ်၌ မြန်မာနိုင်ငံသား မိသားစုဝင် ၃ ဦး အသတ်ခံရကြောင်း သိရသည်။
အသက် ၄၇ နှစ်အရွယ် အမျိုးသားက ၎င်း၏ ဇနီးနှင့် သားသမီး ၂ ဦးကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် သတ်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူများသည် ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။
ဦးဆန်းဝင်း က “ကျနော်တို့ကြားတဲ့ သတင်းအရဆိုရင် အဖေဖြစ်သူက ဆေးကြောင်ပြီး သတ်တာလို့ သိရတယ်၊ သူကိုယ် တိုင်လည်းပဲ အဆိပ် သောက်ထားတယ်၊ ဒီမနက်မှာတော့ အဖေဖြစ်သူလည်း ဆေးရုံမှာ ဆုံးသွားပါပြီ” ဟု ပြောသည်။
အသတ်ခံရသည့် မိသားစုဝင်များ၏ အခြေအနေများအား စစ်ဆေးရာတွင် အခြား မသင်္ကာစရာ အနေအထား တစုံတရာ မတွေ့ရဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြောဆိုကြောင်း၊ သေဆုံးသူများမှာ ချင်းတိုင်းရင်းသားများဖြစ်ပြီး မလေးရှားနိုင်ငံတွင် ဒုက္ခသည်ခံယူထားသူများဖြစ်ကာ UNHCR လက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ကြောင်း၊ ၎င်းတို့၏ ရုပ် အလောင်းများအား ဆေးရုံတွင် ထားရှိပြီးနောက် မိသားစုဝင်များနှင့် ညှိနှိုင်း၍ သဂြိုလ်သွားမည် ဖြစ်ကြောင်း သိရသည်။
သံရုံး၏ ပထမ အတွင်းဝန် ဦးတင်ဝင်းအောင် က သေဆုံးသူများ၏ နာရေး ကိစ္စများအား ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ ကူညီဆောင်ရွက် ပေးရန် စီစဉ်နေကြောင်း ဧရာဝတီသို့ပြောသည်။
အတွင်းဝန် ဦးတင်ဝင်းအောင် က “အဖေဖြစ်သူက စိတ်ဖောက်ပြန်ပြီး ကိုယ့်မိသားစု ကိုယ်ပြန်သတ်တာပါ၊ အခုမိသားစုဝင်တွေနဲ့ဆက် သွယ်နေပါတယ်၊ နာရေး ကိစ္စတွေကိုလည်းပဲ နာရေးအသင်းတွေနဲ့ ပေါင်းပြီးတော့ သံရုံးက ကူညီပေးဖို့ ဆောင်ရွက်နေ ပါတယ်” ဟု ဆိုသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် အကြမ်းဖက်ခံရမှု၊ သတ်ဖြတ်ခံရမှုများ မကြာခဏ ဖြစ်ပွားနေပြီး၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ က လည်း၊ ကွာလာလမ်ပူမြို့၌ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် မြန်မာ ၄ ဦး ပွဲ ချင်းပြီး သေဆုံးခဲ့သည်။
ထိုအမှုနှင့် ပတ်သက်၍ လူ ၁၀ ဦးကျော်ကို ဖမ်းဆီး စစ်ဆေးခဲ့သော်လည်း တရာခံ အစစ်အမှန် ဟုတ်၊ မဟုတ်ဆိုသည်ကို မလေးရှား ရဲတပ်ဖွဲ့က ယနေ့အထိ ထုတ်ပြန်မှု မရှိသေးကြောင်း မလေးရောက် မြန်မာများ က ပြောသည်။