ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ပတ်သက်ပြီး အဆင့်မြင့်ရဲအရာရှိကြီး ၅ ဦးပါဝင်သောအဖွဲ့က စုံစမ်းစစ်ဆေးသွားမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ၏ အဆိုအရ သိရသည်။
အစိုးရက ဘင်္ဂါလီဟု ခေါ်သော မွတ်စလင်များကို မြန်မာ လုံခြုံရေးတပ်ဖွဲ့များက အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများ၊ အုပ်စုလိုက် အဓမ္မပြုကျင့်မှုများ၊ မီးရှို့မှုများ၊ တရားစီရင်မှုမဲ့ သတ်ဖြတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့ကြောင်း ကု လသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR အစီရင်ခံစာက စွပ်စွဲခဲ့ပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။
ထိုအဖွဲ့ကို ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်းက ဥက္ကဋ္ဌ၊ ရဲမှူးချုပ်နေဝင်း၊ ရဲမှူးကြီးနေထွန်းနှင့် ဒုရဲမှူး ကြီး မောင်မောင်လွင်တို့ ပါဝင်ကာ CID ဒုတိယ အကြီးအကဲ ရဲမှူးကြီး ခင်မောင်အေးက အတွင်းရေးမှူးအဖြစ် တာဝန်ယူမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ပြီးခဲ့သော တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
နိုင်ငံတကာ စံနှုန်းများအတိုင်း ဆောင်ရွက်ရန်၊ တာဝန်များကို ရာဇဝတ်မှု ဥပဒေ၊ ရဲလက်စွဲတို့နှင့်အညီ ဆောင်ရွက်ရန် ရဲတပ်ဖွဲ့ကို ညွှန်ကြားထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေးချိုးဖောက်ကြောင်း ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွင် တွေ့ရပါက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ပြီး ညွှန်ကြားချက်များ၊ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်သူများကို လည်း အရေးယူလျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြသော်လည်း အမှုတခုချင်း အတိအကျ ပြောဆိုခြင်းမရှိပေ။
ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာတွင် မွတ်စလင်များကို ရဲတပ်ဖွဲ့ဝင်များက ကန်ကျောက် ရိုက်နှက်နေသည့် ဗီဒီယိုများ ဒီဇင်ဘာလတွင် ထွက်ပေါ်လာပြီး ပါဝင် ပတ်သက်သော ရဲတပ်ဖွဲ့ဝင်လေးဦးကို ဖမ်းဆီးခဲ့သည်။
Reuters သတင်းဌာန အဆိုအရ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ထောင်ဒဏ် ၂ လစီချမှတ်ကာ အရာရှိ ၃ ဦးကို ရာထူးချလိုက် ကြောင်း ဖော်ပြသည်။
ထိုသတင်းကို အတည်ပြုရန် သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကို ဧရာဝတီသတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ်မရခဲ့ပါ။
စုံစမ်းစစ်ဆေးမှုမှာ မပြီးစီးသေးဘဲ ဥပဒေအရ အရေးယူခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနများထံမှ မည်သည့်တရား ဝင် အကြောင်းကြားစာမရသေးကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး တင်ဝင်းက ပြောသည်။
OHCHR ၏ တွေ့ရှိချက်များနှင့် ပတ်သက်ပြီး အစိုးရက အထူး စိုးရိမ်ကြောင်း၊ အစီရင်ခံစာမှ စွပ်စွဲချက်များသည် အလွန်လေးနက်သော သဘော သဘာဝရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာသည်။
မြန်မာစစ်တပ်ကလည်း OHCHR ၏ အစီရင်ခံစာကို တုံ့ပြန်သည့် အနေခြင့် လုံခြုံရေး တပ်ဖွဲ့များသည် ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဥပဒေနှင့် မညီသော လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးရန် စုံစမ်း စစ်ဆေးရေး အဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်သည်။
အဖွဲ့တွင် စစ်ဆေးရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းက ဦးဆောင်ပြီး အခြား အဖွဲ့ဝင် ၄ ဦးတို့မှာ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထူး၊ ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၉ အဆင့်မြင့် လေ့ကျင့်ရေးဌာန တပ်မှူး ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုလက်ထောက် စစ်ဥပဒေချုပ် ဗိုလ်မှူး လှမျိုးကျော် နှင့် စစ်ဥပဒေချုပ် ရုံးမှ လက်ထောက် စစ်ဥပဒေချုပ် ဒုဗိုလ်မှူးကြီး မျိုးဝင်းအောင် တို့ ပါဝင်သည်။
အဖွဲ့ဝင် ၅ ဦး ပါသော တပ်မတော်၏ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် မြန်မာစစ်တပ်အနေဖြင့် ပထမဆုံး ဖွဲ့စည်းသော အဖွဲ့ ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ ဒေသအခြေအနေများကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းသည့် တတိယမြောက် အဖွဲ့ဖြစ်သည်။
စစ်ဆင်ရေးများ ဆောင်ရွက်သော နေရာများတွင် ဥပဒေဘောင် အတွင်းမှသာ ဆောင်ရွက်ကြရန်နှင့် အင်အား အလွန်အကျွံ သုံးစွဲခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း တို့ကို ရှောင်ရှားကြရန် အရာရှိအဆင့် အားလုံးကို ကြီးကြပ် ညွှန်ကြားထားသည် ဟု တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့၏ ကြာသာပတေးနေ့က ထုတ်ပြန်သော ကြေညာ ချက်တွင် ဖော်ပြထားသည်။
မည်သည့်ညွှန်ကြားချက်ကိုမဆို ချိုးဖောက်သူများကို ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ကြေညာချက်တွင် ထပ်မံ အတည်ပြုသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ငြိမ်းငြိမ်းနှင့် မိုးမြင့် ပူးပေါင်းရေးသားသည်။