မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ အဖွဲ့မှ မသန်စွမ်းသူများ၊ အမြင်အာရုံ ချို့တဲ့သူများ စုပေါင်းကာ ပြည်တွင်း စစ် ရပ်တန့်ပေးရေး ငြိမ်းချမ်းရေး ရထား (WHEEL CHAIR) လှုပ်ရှားမှုခရီးစဉ်အဖြစ် ယနေ့ နံနက် ၇ နာရီတွင် မြစ်ကြီးနားမြို့မှ နေပြည်တော်သို့ စတင် ထွက်ခွာကြောင်း သိရသည်။
ယင်းလှုပ်ရှားမှုတွင် မသန်စွမ်းသူများ၊ အမြင်အာရုံ ချို့တဲ့သူ ၃၀ ကျော်ပါဝင်ကာ အသက် ၂၀ မှ ၇၀ နှစ်ဝန်းကျင် ရှိသူများ ဖြစ်ကြောင်း၊ ကျမ်းမာရေး စောင့်ရှောက်မှုအတွက် ဆရာဝန်များ၊ လူနာတင်ယာဉ်များ လိုုက်ပါမည် ဖြစ်ပြီး ပြင်ပမှ အနုပညာရှင် အယောက် ၃၀ ပါဝင်မည်ဖြစ်သည်။
WHEEL CHAIR လှုပ်ရှားမှုနှင့် ပတ်သက်ပြီး အေးမေတ္တာ မသန်စွမ်းရိပ်သာ ဥက္ကဋ္ဌ ဒေါ်နော်တာဟေညောက “ကျမတို့ တိုင်းပြည်က မငြိမ်းမချမ်း ဖြစ်နေတယ်။ ငြိမ်းချမ်းရေးက အဓိက လိုအပ်နေတယ်။ အဲဒါကို မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ အဖွဲ့က ဆရာကြီးဦးသိန်းလွင်က ဒီလိုမျိုးလေးလုပ်ချင်တယ်ပေါ့။ နှစ်တွေကြာပါပြီ။ အခုမှ အ ကောင်အထည်ဖော်ဖြစ်တာပါ” ဟု ဧရာဝတီကို ပြောသည်။
ခရီးစဉ်တွင် မြစ်ကြီးနားမြို့မှ စတင်ပြီး မိုးကောင်း၊ မိုးညှင်း၊ မော်လူး မော်ဟန် ကျေးရွာ၊ ကသာ၊ ထီးချိုင့်၊ တကောင်း၊ သပိတ်ကျင်း၊ လက်ပံလှ၊ မန္တလေး၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ တပ်ကုန်းမြို့ များကို ဖြတ်သန်းကာ နေပြည်တော်သို့ သွားမည်ဖြစ်သည်။
ဖြတ်သန်းမည့်မြို့များတွင် ညအိပ်ရပ်နားပြီး ပြည်သူလူထုထံမှ ပြည်တွင်းစစ် ရပ်တန့်ပေးရေး ထောက်ခံမှု လက်မှတ် များရယူကာ ငြိမ်းချမ်းရေး စကားများ သရုပ်ဖော်မှုများ နှင့်အတူ ငြိမ်းချမ်းရေး သီချင်းများ ပြည်တွင်းစစ် ရပ်တန့် ပေးရေး သီချင်းများ သီဆိုသွားမည်ဟု သိရသည်