မြန်မာ – တရုတ် နယ်စပ်အနီး ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးဒေသ အတွင်းရှိ မြန်မာ့ လယ်ယာမြေများ ပေါ်တွင် တရုတ်နိုင်ငံဘက်မှ လယ်သမားများက ဝင်ရောက် ကျူးကျော်၍ သီးနှံများ စိုက်ပျိုး လျက်ရှိကြောင်း သတင်း ရရှိသည်။
မန်စီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်းက “တရုတ်နိုင်ငံဘက်က လယ်သမားတွေက မြန်မာ ဘက်ခြမ်းမှာ ဝင်စိုက်နေတာ။ အဲဒီလိုလုပ်တာတော့ ကြာပြီ။ ပြောရရင် နှစ်နဲ့ချီနေပြီ။ အရင် နှစ်တွေကလည်း ဒီလိုပဲ စိုက်နေတာ။ သူတို့မှာ ဘာအထောက်အထားမှလည်း ရှိတာ မဟုတ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ မြန်မာ့ လယ်ယာမြေ ၁၀ ဧက ခန့်ပေါ်တွင် ဝင်ရောက် ကျူးကျော်နေသည့် ကိစ္စကို အစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်ပေးရန် ဦးချင်းဖေလင်းက တောင်းဆိုခဲ့ပြီး တရုတ်နိုင်ငံဘက်မှ တောင်သူများက ကြံများ စိုက်ပျိုး ထုတ်ယူ နေပုံ များ အထောက်အထားများဖြင့် ယနေ့ ပြည်သူ့လွှတ်တော်တွင် တင်ပြခဲ့သည်ဟုလည်း သိရသည်။
ထို တင်ပြချက်အရ တရုတ်- မြန်မာ နယ်နိမိတ် မှတ်တိုင် ၅၃/၂ အနီးရှိ မြန်မာ့ လယ်ယာမြေများပေါ်တွင် တရုတ် နိုင်ငံသားများ တရား မဝင် ဝင်ရောက် လုပ်ကိုင်နေကြောင်း စိစစ် တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ပြဌာန်း ချက်များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က ပြည်သူ့လွှတ်တော်တွင် ပြန်လည် ပြောဆိုသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မန်စီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်း က မန်ဝိန်းကြီး ဒေသရှိ တရုတ် – မြန်မာ နယ်ခြားဖြစ်သည့် ၅၃/၂ ကျောက်တိုင်အနီး တရုတ် နိုင်ငံ ဘက်မှ လယ်သမားများ ဝင်ရောက်စိုက်ပျိုး လုပ်ကိုင်ခြင်းအား တားမြစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေး မြန်းခဲ့ခြင်း ဖြစ်သည်။
မန်စီမြို့နယ် မန်ဝိန်းကြီးဒေသ ပန်ခမ်းဂိတ်အနီး မြန်မာ-တရုတ် နယ်ခြား နယ်နိမိတ် ၅၃/၂ အနီး မြန်မာနိုင်ငံ ဘက် အတွင်းရှိ မြန်မာ့ လယ်ယာမြေများပေါ်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များက မြန်မာတောင်သူများ ကို ကြိုတင်ငွေ အရင်းအနှီး စိုက်ထုတ်ပေးသည့် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောဆိုသည်။
“သီးနှံပေါ်ချိန်မှာ ကာလပေါက်ဈေးနဲ့ ငွေအရင်းအနှီး စိုက်ထားတဲ့သူကို ပြန်လည်ရောင်းချပြီးတော့ ချေးထားတဲ့ငွေကို ပြန်လည် ပေးဆပ်တဲ့စနစ်နဲ့ စိုက်ပျိုးနေခြင်းများ ရှိတယ်လို့ သိရှိရပါတယ်”ဟုလည်း ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
သို့သော် ယင်းကိစ္စအပေါ် အစိုးရ၏ အရေးယူဆောင်ရွက်မှု အားနည်ကြောင်း မန်စီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်းက ပြောဆိုသည်။
“ကျနော်ပြောချင်တာက ကြံစိုက်တဲ့နေရာတွေမှာ အခုရိတ်ပြီး လယ်ပြန်ထွန်နေပြီ။ ဒီအချိန်မှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေက တိုင်းတာပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်လောက် ထုတ်လိုက်ရင် တောင်မှပဲ ရတယ်။ မဟုတ်လို့ရှိရင် နှစ်တိုင်း ကျူးကျော် စိုက်နေတာက ဆက်လုပ်မှာပဲ”ဟု အစည်းအဝေး အပြီးတွင် ဦးချင်းဖေလင်းက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် မြန်မာ – တရုတ် နယ်နိမိတ် မှတ်တိုင် ၅၃/၄ အနီးတွင်လည်း ကမ်းပြိုမှု ကာကွယ်ရန် ကျပ် သိန်း ၂၀၀ ကျော် ကုန်ကျမည့် အလျားပေ ၁၀၀ ခန့်ရှိ ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ရန်လည်း အစိုးရက နှောင့်နှေးလျက် ရှိကြောင်း သိရသည်။
ဦးချင်းဖေလင်းက“အစိုးရအနေနဲ့ ဒီကိစ္စကို အာရုံစိုက်ဖို့ လိုတယ်။ အခုက နည်းနည်း ပေါ့လျော့တယ်လို့ ထင်တယ်။ ဒါက နယ်စပ် ကျောက်တိုင်လေ။ ရေတိုက်စားပြီးမှ ပြိုသွားလို့ဆိုပြီး ဒီအတိုင်း အသစ်ပြန်ပြီး ကောက်ထောင်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး”ဟု ပြောသည်။
ယင်းလုပ်ငန်းကို ဆောင်ရွက်မည့် ကချင်ပြည်နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက အလျား ပေ ၁၀၀ ရှိသည့် ကျပ် ၂၀၆ သိန်း ကုန်ကျမည့် မြေထိန်းနံရံအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ရန်ပုံငွေ ရရှိရန် ပြည်နယ်အစိုးရထံ တင်ပြခဲ့ကြောင်း၊ သို့သော် ပြည်နယ် အစိုုးရက ထည့်သွင်း လျာထားခြင်း မရှိ ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။
ကချင်ပြည်နယ် အစိုုးရ ရန်ပုံငွေတွင် ထည့်သွင်းလျာထားခြင်း မရှိသဖြင့် နိုင်ငံတော် သမ္မတ၏ သီးသန့် ရန်ပုံငွေမှ သုံးစွဲရန် တင်ပြခဲ့သော်လည်း ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင်ပါ ထည့်သွင်းရန် အချိန်မမီတော့ဟု သိရှိရကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် ပြောသည်။
ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မူလလျာထားချက်မှ ခေါင်းစဉ်ပြောင်း သုံးစွဲခြင်း သို့မဟုတ် တင်ဒါ ခေါ်ယူရာတွင် ပိုလျှံရန်ပုံငွေမှ ကျခံသုံးစွဲရန် စီစဉ်ဆောင်ရွက်သွားရန် လျာထားကြောင်းလည်း ၎င်းက ပြောပြသည်။
မန်စီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်းကမူ “ဒါကို ပြည်နယ် တင်ဒါတွေကနေ ပိုလျှံတဲ့ ငွေက မှ ဆောင်ရွက်ပေးမယ်ဆိုတော့ ဒါကို ကျနော်တို့ မကျေနပ်ပါဘူး။ ဒီကျောက်တိုင်လေး မပြိုအောင် ရေကာတာ ကျောက် ထိန်း နံရံ အသေးလေး ဆောက်ပေးဖို့ကလည်း ကုန်ကျစရိတ် အဲဒီလောက် မများပါဘူး”ဟု ပြောသည်။
နယ်နိမိတ် မှတ်တိုင် ၅၃/၄ သည် မန်စီမြို့နယ် မန်အိုက်ကျေးရွာ နမ့်ဝမ်ချောင်း ကမ်းပါး၌ တည်ရှိပြီး ရေကြောင်း ပြောင်း လဲမှုနှင့် ရေတိုက်စားမှုတို့ကြောင့် ကမ်းပါးပြိုကျကာ နမ့်ဝမ်ချောင်း အတွင်းဘက်သို့ ယိမ်းယိုင်စပြုနေပြီး ချောင်း ရေကြီး လာပါက ဆက်လက်ပြိုကျနိုင်သဖြင့် နယ်နိမိတ်မှတ်တိုင် မပြိုလဲစေရေး ၂ နိုင်ငံ ညှိနှိုင်း၍ နိုင်ငံခြားရေး ဝန်ကြီး ဌာနက တရုတ်နိုင်ငံဘက်သို့ သံတမန်လမ်းကြောင်းမှ အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဆိုသည်။
မြန်မာ-တရုတ် နယ်ခြားမျဉ်းသည် မန်ဝိန်းကြီးဒေသ ပန်ခမ်းကျေးရွာရှိ နမ့်ဝမ်ချောင်းအလယ်၌ တည်ရှိပြီး ၅၃ /၂ သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ ပန်ခမ်းအုပ်စု၊ နောင်မွန်း ကျေးရွာနှင့် တရုတ်နိုင်ငံဘက်ခြမ်းရှိ ကောင်းခမ်း ကျေးရွာ၊ လွယ်ဝိန်း ကျေးရွာ၊ ၅၃/၄ သည် မြန်မာနိုင်ငံဘက်ခြမ်းမှ မန်အိုက်ကျေးရွာနှင့် တရုတ်နိုင်ငံ ဘက်ခြမ်းရှိ မန်းပန် ကျေးရွာတို့နှင့် ထိစပ်လျက်ရှိသည်။
ယင်းနယ်စပ်ဒေသသည် မန်စီမြို့နယ်အတွင်း တည်ရှိသော်လည်း လုံခြုံရေး အခြေအနေအရ မန်စီမှ တိုက်ရိုက် သွားရောက်၍ မရဘဲ မန္တလေး-မူဆယ်-နမ့်ခမ်း-မန်ဝိန်းကြီး လမ်းမှ သွားရောက်ရသည့် ဒေသတခု ဖြစ်ကြောင်းလည်း သိရသည်။